Home
နိုင်ငံတကာ
ထိုင်းနှစ်သစ်ကူးကာလ ၇ ရက်အတွင်း မတော်တဆထိခိုက်မှုကြောင့်  ၃၂၁ ဦး သေဆုံး
DVB
·
January 3, 2025
Photo-Thai PBS

ထိုင်းနိုင်ငံမှာ  ၂၀၂၅ ခုနှစ် နှစ်သစ်ကူးကာလအတွင်း ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ် အရှိဆုံးကာလကို ၁၀ ရက်တာ သတ်မှတ်ပြီးစောင့်ကြည့်ရာမှာ  ၇ ရက်အတွင်း သေဆုံးသူ ၃၂၁ ယောက်ရှိတယ်လို့ ထိုင်းနိုင်ငံ  မတော်တဆထိခိုက်မှုနဲ့ ယာဉ်အန္တရာယ် တားဆီးကာကွယ်ရေးဌာနက ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၂၇ မှ ၂၀၂၅ ဇန်နဝါရီလ ၂ ရက်ထိ ၇ ရက် တာအတွင်း ထိုင်းတနိုင်ငံလုံးမှာ ယာဉ်မတော်တဆထိခိုက်မှုအကြိမ်ပေါင်း ၁၉၃၈ ကြိမ်ဖြစ်ပွါးခဲ့ပြီး သေဆုံးသူ ၃၂၁ ယောက် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ၁၈၉၄ ယောက် ရှိပြီး သေဆုံးသူလုံးဝမရှိတဲ့ခရိုင်မှာ ၆ ခရိုင်သာကျန်တယ်လို့ ဆိုပါတယ်။ 

မတော်တဆထိခိုက်မှုအများဆုံးမှာ စူရတ်ဌာနီခရိုင် ၇၂ ကြိမ် ဖြစ်ပြီး ဒဏ်ရာရသူအများဆုံး ၈၂ ယောက်နဲ့ သေဆုံးသူအများဆုံး  ၂၀ ယောက်မှာလည်း အဆိုပါစူရတ်ဌာနီကပဲလို့ ဆိုပါတယ်။

စူရတ်ဌာနီမတော်တဆထိခိုက်မှုမှာ ဇန်နဝါရီ ၂  ရက် မနက်က မိသားစုဝင် ၇ ယောက်ပါတဲ့ ဟိုင်းလပ်စ်ကားတစီးဟာ ချိုင်းယားမြို့  အမှတ် ၄၁ အာရှလမ်းမကြီးပေါ်မောင်းနှင်းလာစဉ် လမ်းဘေးကသစ်ပင်ကိုအရှိန်နဲ့ ဝင်တိုက်မိတာကြောင့် ကနဦးမှာ ကားပေါ်က ကလေး ၄ ယောက် ပွဲချင်းပြီးသေဆုံးပြီး လူကြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ် ၊ အဆိုပါ လူကြီး ၃ ယောက်လုံးဟာ ချိုင်းယာဆေးရုံရောက်ပြီးမကြာခင် သေဆုံးတာကြောင့် ကားပေါ်ပါသူ ၇ ယောက်လုံးသေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါနေရာနဲ့ ၄ ကီလိုသာကွာဝေးတဲ့နေရာမှာ  ပြီးခဲ့တဲ့ နှစ်သစ်ကူး  ဇန်နဝါရီ ၁ ရက်  ကလည်း ခရီးသည်တင်ဘတ်စ်ကားကြီးတစီး လမ်းဘေးကသစ်ပင်ကိုဝင်တိုက်ပြီး ခရီးသည် ၅ ယောက် သေဆုံး ၃၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါကားဟာ နှစ်သစ်ကူးအလှူအတန်းသွားဖို့ ကားကို စီးလုံးငှားလာတာလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၂ ရက် တနေ့တည်းတင် ယာဉ်မတော်တဆထိခိုက်မှု ၁၉၆ ကြိမ်၊ ဒဏ်ရာရသူ ၂၀၀ ယောက် ၊ သေဆုံးသူ ၄၃ ယောက်ရှိပြီး မတော်တဆဖြစ်ရခြင်းအကြောင်းမှာ သတ်မှတ်နှုန်း ထက်အမြန် မောင်းနှင်တာက အများဆုံးဖြစ်ပြီး ရှေ့ကဖြတ်မောင်းတာ၊ မူးယစ်တာ၊ အမြင်မကြည်လင်တာတွေ ကြောင့်လည်း အဖြစ်များပြီး မတော်တဆအဖြစ်များဆုံးယာဉ် ကတော့ မော်တော်ဆိုင်ကယ် ဖြစ်ပါတယ်။ 

Source:  DDPM / Thai PBS 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024