
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မီးနေကုန်းရွာအနီးမှာ ဇန်နဝါရီ ၂ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေ အပါအဝင် မီးနေကုန်းရွာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာက ပြည်သူတွေလည်း နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။
ဒေသခံရွာသားတယောက်က “တိုက်ပွဲက အတော်လေးပြင်းထန်မယ့်ပုံပဲဗျ။ နှစ်ဖက်ပစ်တဲ့ လက်နက်အသံတွေကတော့ ဆူညံနေတာပါပဲ။ အထိအခိုက် အကျအဆုံးတော့ မသိရဘူးသေးဘူးဗျ။ ကိုယ့်အသက်ကို မသေအောင် လွတ်အောင်ပြေးနေရတယ်ဗျိုး” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်တာဟာ မီးနေကုန်းရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီလုံခြုံရေးချ နေထိုင်တပ်ဆွဲနေတဲ့ နယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။
မြင်းခြံခရိုင်အတွင်းက ရဲဘော်တယောက်က “တိုက်ပွဲက ၃ နာရီ၊ ၄ နာရီလောက်အထိ ကြာသွားတယ်ဗျ။ ကျနော်တို့ တိုက်ပွဲစဖြစ်ပြီး မနက်ခင်း ၈ နာရီလောက်ကြတော့ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားသလို စက်လတ်နဲ့လည်း ပစ်ခတ်သွားသေးတယ်ဗျ။ ဒီတိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က အထိအခိုက် အကျအဆုံး မရှိပါဘူးဗျ။ စစ်တပ်ဘက်က အကျအဆုံး သတင်းကြတော့ ဘာမှမသိရသေးပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေနဲ့ မတ္တရာမြို့နယ်ကို လုံခြုံရေးအင်အား တိုးချဲ့ထားတာကြောင့် အဆိုပါမြို့နယ်တွေအတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်နေကြရ ပါတယ်။