
၂၀၂၅ ခုနှစ်ဟာ တော်လှန်စစ်ကို ပီပီပြင်ပြင်အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစု တရပ်ဖြစ်လာဖို့ နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲအကောင်အထည်ဖော်ရမယ့် အရေးကြီးတဲ့နှစ်လို့ရှုမြင်ပြီး မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်တော့မယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။
SAF အနေနဲ့ ၄ နှစ်တာကာလအတွင်း လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ (EROs) ဆီက သင်ယူဆည်ပူးအတွေ့အကြုံယူရခဲ့တဲ့ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာအတွေ့အကြုံတွေကို မြန်မာပြည်အလယ်ပိုင်း ထိုးဖောက် ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူး သယ်ဆောင်လာမယ်လို့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
SAF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က “တောင်တန်းဒေသတွေမှာ အရှိန်အဟုန်နဲ့ရှိနေတဲ့ ထိုးစစ်တွေက မြေပြန့်ဒေသကိုရောက်လာဖို့ ကျနော်တို့ အဓိက မျှော်ရည်တာပါ။ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တပ်တွေ အများကြီး ရှိတယ်ပေါ့လေ၊ ကျနော်တို့အပါအဝင်ပါပဲ၊ ဒီတပ်တွေက တကယ်တမ်း တိုက်စွမ်းရည်ပြည့်ဝဖို့အတွက် နောက်ပြီး တပ်ကို ကျစ်လျစ်အောင်တည်ဆောက်ဖို့အတွက် တပ်ကို တပ်နဲ့တူအောင်တည်ဆောက်ပြီး စစ်ကို စစ်နဲ့တူအောင်တိုက်ဖို့အတွက် အချိန်တွေအများကြီးယူပြီး တည်ဆောက်ကြရတယ်၊ အတွေ့အကြုံတွေ ဖြည့်ဆည်းကြရတယ်။ ကျနော်တို့ တပ်စပြီး စုဖွဲ့တဲ့ကာလကနေ ဒီနေ့အထိက ကျနော်တို့ရဲ့ အတွေ့အကြုံယူတဲ့ကာလလို့ သတ်မှတ်ပါတယ်” လို့ ပြောပါတယ်။
အခုအချိန်မှာ အတွေ့အကြုံတွေပြည့်ဝပြီလို့တော့မပြောလိုပေမဲ့ အတိုင်းအတာတခုအထိတော့ အတွေ့အကြုံတချို့ရှိလာပြီလို့လည်း ကိုမင်းဟန်ထက်က ပြောပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင်ပေါ့လေ၊ ဒီ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ တပ်တွေအားလုံးပါပဲ။ ၂၀၂၅ ကိုရောက်တဲ့အခါမှာတော့ တော်တော်များများက အတွေ့အကြုံအတိုင်းအတာတခုအထိတော့ ရှိလာကြပြီလို့ ကျနော်တို့မြင်တယ်။ အဲလိုမျိုး ဖြစ်တဲ့အတွက် ခုနကပြောတဲ့ တပ်တွေအသီးသီးရဲ့ မဟာဗျူဟာတွေကို စပြီး အကောင်အထည် ဖော်ကြရမယ့် နှစ်ဖြစ်တယ်ပေါ့လေ။ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်မယ်ဆိုတဲ့ ကိစ္စက ကျနော်တို့ရဲ့ နဂိုကတည်းကရှိခဲ့ပြီးသားဖြစ်တဲ့ မဟာဗျူဟာကို ဆက်ပြီး အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။”
SAF အနေနဲ့ လက်ရှိ မြန်မာပြည်အနောက်ခြမ်းမှာ မဟာမိတ်တွေနဲ့တွဲပြီး စစ်ရေး လှုပ်ရှားနေတာရှိသလို အညာဒေသနဲ့ မြေလတ်ဒေသ အထူးသဖြင့် စစ်ကိုင်း၊ မကွေးတို့မှာလည်း စစ်ဒေသတွေထားပြီး ပြောက်ကျားစစ်၊ လှုပ်ရှားစစ်တွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခု ၂၀၂၅ ခုနှစ်ဟာ တောင်တန်းဒေသကနေ မြေပြန့်ဒေသတွေဆီ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမယ့် နှစ်တနှစ်လို့ ယုံကြည်ကြောင်းနဲ့ တော်လှန်စစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစုတရပ်ဖြစ်တည်လာအောင် နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲအကောင်အထည်ဖော်ရမဲ့ အရေးကြီးလို့ ရှုမြင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ကိုမင်းဟန်ထက်က “လက်ရှိ လက်နက်ကိုင်တော်လှန်ရေးအတွက် တပ်ပေါင်းစုက အင်မတန် အရေးကြီးပါတယ်။ တပ်ပေါင်းစုရဲ့အားနဲ့သာ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်။ မတူကွဲပြားတဲ့တပ်တွေ၊ ပြန့်ကျဲနေကြတဲ့ လက်နက်ကိုင်တပ်တွေ တော်လှန်ရေး တပ်တွေကြားထဲမှာ တပ်ပေါင်းစုတခုကို မျှော်ရည်ပြီးတော့ လက်တွဲဖို့လိုတယ်လို့ မြင်ပါတယ်။ တပ်ပေါင်းစုတခုဖြစ်လာဖို့တော့ အရမ်းလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့လေ။ ခက်ခဲပါတယ်။ စိတ်ရှည်ရလိမ့်မယ်။ သဘောထားကြီးရလိမ့်မယ်။ အချိန်ယူပြီး တည်ဆောက်ရလိမ့်မယ်။ အဲဒီအချိန်ယူတဲ့ကာလမှာလည်း ကျနော်တို့က တတ်နိုင်တာတွေကို၊ တတ်နိုင်တဲ့အပိုင်းတွေကို တတ်နိုင်သလောက် လက်တွဲထားတာမျိုး၊ တတ်နိုင်သလောက် လက်ချင်းချိတ်ထားတာမျိုး လုပ်ကြဖို့ လိုတယ်။ ဆိုလိုချင်တာကတော့ဗျာ၊ လက်ရှိလုပ်နေကြတဲ့အလုပ်တွေ၊ စစ်ရေး ဖော်ဆောင်တဲ့အပိုင်းတွေ နိုင်ငံရေးလုပ်နေကြတဲ့ အပိုင်းတွေ အားလုံးမှာ တပ်ပေါင်းစုတခုကို မျှော်ရည်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာကို ပြောလိုတာပါ” လို့ ပြောပါတယ်။
စစ်အုပ်စုအာဏာသိမ်းခဲ့တဲ့ ၄ နှစ်တာကာလအတွင်း လူထုဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက် ယန္တရားဆိုတဲ့ စစ် ၃ စစ်ရဲ့ ကုပ်သွေးစုပ်ဖိနှိပ်မှုလှိုင်းတံပိုးအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီး တော်လှန်စစ်ဟာလည်း တနှစ်ထက်တနှစ် သိသိသာသာ အရှိန်ရ လာခဲ့သလို ပြီးခဲ့တဲ့ကာလတွေမှာ ကျောင်းသားလက်ရုံးတပ်တော် - SAF ဟာ တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်းတိုက်ပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအား ဖြည့်တင်းနိုင်ရေး အတွက် အရေးကြီးတဲ့ သက္ကရာဇ်တွေဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











