DVB Logo
Home
မြန်မာသတင်း
ကတိုင်တိတပ်စခန်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးနေ
DVB
·
January 2, 2025
ကတိုင်တိတပ်စခန်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးနေ
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်ရဲ့ ကတိုင်တိတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေးကာကွယ်နေရတယ်လို့ KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်ကစတင်ပြီး ဖာပွန်(မူတြော်)ခရိုင်တွင်းက စစ်ကောင်စီရဲ့ ကတိုင်တိ တပ်စခန်းကို  KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီက မြေပြင်ကနေ ခုခံကာကွယ်နေတဲ့အပြင် လေကြောင်းကနေ အပြင်းအထန်ပစ်ကူပေးကာကွယ်နေရပါတယ်။

ဗိုလ်မှူးကြီး စောကလယ်ဒိုက “စခန်းကိုတိုက်တော့ လေယာဉ်ပျံက အကြီးအကျယ် ပစ်ကူပေးနေတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာတွေ မရှိဘူး။ ဟိုဘက်(စစ်ကောင်စီ)က အခြေအနေလည်း အခုထက် ထိတိတိကျကျ မသိရသေးဘူး။ တိုက်ပွဲအခြေအနေကတော့ ဆက်လက်ဖြစ်ပွားနေတုန်း။ ရပ်တန့်တာလည်း မရှိသေးဘူး”လို့ ပြောပါတယ်။

ဒါအပြင် ကမမောင်းဘက်က တက်လာတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းဟာ ကတိုင်တိစခန်းနဲ့ ကျေးရွာအတွင်း ရောက်ရှိတပ်စွဲနေတဲ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဘက်က ကတိုင်တိ ကျေးရွာအပါအဝင် အနီးအနားက ‌ဒေသခံပြည်သူတွေကို ကျေးရွာကနေ ရှောင်ရှားဖို့ သတိပေးခဲ့တာကြောင့် တိမ်းရှောင်နေရပါတယ်။

ကတိုင်တိ၊ နတ်ကျောက်၊  ဘောထိ၊ ဘောကျိုးလယ်၊ ဘောကထ တောင်သူကျေးရွာတွေကို စစ်ကောင်စီက အရင်ဆုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကတိုင်တိ ပတ်ချာလည် ပြေးရတယ်။ ပထမဦးဆုံးစတာ လေယာဉ်နဲ့ ကျေးရွာတွေကို လိုက်ပစ်ချပလိုက်တယ်။ တောင်သူရွာတို့ အကုန်လုံးပစ်ချလိုက်တယ်။ လေကြောင်းကနေ ပစ်ချတာ ဘုန်းကြီးကျောင်းပါကြေသွားပြီ။ လေကြောင်းကအရင် လာပစ်ချတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြီးမှ စခန်းကို ဒရုန်းနဲ့ချတာ။ ကတိုင်တိက အိမ်တွေကတော့ ရဲဘော်တွေဝင်နေလို့ ဒရုန်းနဲ့ပစ်ချတာ။ လေယာဉ်ကလည်း သွားကြဲတယ်”လို့ ပြောပါတယ်။

ကတိုင်တိကျေးရွာအပါအဝင် အနီးအနားကျေးရွာက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ကမမောင်းမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒေသခံတယောက်က “အသိမိတ်ဆွေမျိုးမရှိတဲ့သူတွေ၊ နေဖို့ထိုင်ဖို့ကျတော့ အဆင်မပြေဘူး။ အဲလိုမျိုးဖြစ်နေကြတယ်။ တောသူတွေဆိုတော့ ဒီဘက်ရောက်တော့ အခက်အခဲတွေ တွေ့ရတော့ အစားအသောက်က အဆင်မပြေဘူး။ ကိုယ့်ရွာသားက ပိုက်ဆံရှိတဲ့သူတွေ အချင်းချင်းလိုက်စုပြီး ပိုက်ဆံတွေလိုက်ပေးတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ဖာပွန်-ကမမောင်းလမ်းပေါ်က စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး အထိုင်စခန်းတွေဖြစ်တဲ့ တောင်သုံးလုံးစခန်း နဲ့ ဆင်စွယ်တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013