
မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း မင်းဘူး-စကုမြို့နယ် ပကဖ တာဝန်ခံက DVB ကို ပြောပါတယ်။
ရွှေစက်တော်အဝင်လမ်း ၃ မိုင်နားမှာရှိကြတဲ့ ကိုင်းမကြီး၊ တင်ပြင်ခွေ၊ အိုးပြင်မဲနဲ့ အိုင်းမကျေးရွာတွေ ဝန်းကျင်ကို ဒီဇင်ဘာ ၂၃ ရက်ကတည်းက စစ်ကြောင်းဝင်လာတာလို့ သိရပါတယ်။
မင်းဘူး-စကုမြို့နယ် ပကဖ တာဝန်ခံက “၂၃ ရက်နေ့ ညကစပြီး အိုးပြင်မဲရွာကတော့ စစ်ကြောင်းဝင်လာလို့မို့လို့ စပြေးရတာပဲလေ။ ပြည်သူတွေ စစ်ရှောင်ရတယ်ပေါ့နော်။ အဲနားအနီးတဝိုက်မှာ PDF တွေ ရှိနေမယ်ထင်တဲ့ နေရာတွေ၊ တောတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲနားကပြည်သူတွေက လန့်ပြီးတော့ ရှောင်ကြတာ” လို့ ပြောပါတယ်။
စစ်ကြောင်းဝင်တာကြောင့် လူဦးရေ ၂၀၀ ဝန်းကျင်ရှိတဲ့ အိုးပြင်မဲတရွာလုံး စစ်ရှောင်နေရတာ ၁၂ ရက်ဝန်းကျင်ရှိလာပြီး ဒေသခံ ၂ ယောက်ကိုလည်း လမ်းပြအဖြစ် ဖမ်းဆီးသွားတယ်လို့ သူကဆိုပါတယ်။
အဲဒီရွာတွေဟာ ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးဘေး၊ မန်းချောင်းဝန်းကျင်မှာရှိတဲ့ ရွာတွေဖြစ်ပြီး ဒေသခံ ရာနဲ့ချီကတော့ နီးစပ်ရာတောတွေထဲမှာ တိမ်းရှောင်နေရပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေစက်တော်ဝန်းကျင်မှာ လှုပ်ရှားနေသေးသလို ကင်းပုန်းဝပ်နေတာလည်း ရှိနေပါတယ်။
ဒါ့အပြင် အခုလပိုင်း စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့် မဲဇလီတံတား တောင်ဘက်ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်း၊ ဆည်တော်-စံပြမြောင်းဘောင်လမ်းပိုင်းတို့ကို လုံးဝအသုံးမပြုကြဖို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းကလည်း ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီလိုမျိုး နယ်မြေမတည်ငြိမ်မှုတွေကြားကပဲ မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၅ ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပသွားမယ်လို့ ဘုရားဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။











