
ယူကရိန်းစစ်တပ် လေဆိပ်ကို ပစ်မှတ်တိကျသေချာတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ဒီဇင်ဘာ ၃၁ ရက်မှာ အခိုင်အမာ ပြောကြားလိုက်ပြီး တနေ့တည်းမှာပဲ ယူကရိန်းကလည်း ရုရှားရဲ့ ရေနံချက်စက်ရုံတခုကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားစစ်တပ်ဟာ ပစ်မှတ်တိကျတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို ဖြန့်ကျက်ချထားပြီး ယူကရိန်းစစ်တပ်လေဆိပ်နဲ့ ယူကရိန်းတပ်ဖွဲ့တွေအတွက် ယမ်းမှုန့်ထုတ်လုပ်တဲ့ စစ်ဘက်ဆိုင်ရာ စက်ရုံတရုံကို ညှိနှိုင်းချေမှုန်းခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အတိအကျ ချိန်ရွယ်ထားတဲ့ ပစ်မှတ်အားလုံးကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တနေ့တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ကလည်း ယူကရိန်းတပ်တွေဟာ စမိုလန့်စ်ခ် ဒေသရှိ ရုရှား ရေနံသိုလှောင်ရုံကို တိုက်ခိုက်ခဲ့ပြီး စက်ရုံအတွင်း ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီသိုလှောင်ရုံဟာ ရုရှားစစ်တပ်ရဲ့ စစ်ဆင်ရေးအတွက် အရေးပါတဲ့ ထောက်ပံ့ရေးနေရာတခု အဖြစ် ဆောင်ရွက်ခဲ့ကြောင်းလည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းလေတပ်ရဲ့ အစီရင်ခံစာတွေအရ ၂၀၂၄ ခုနှစ် တနှစ်လုံးမှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားဒုံးကျည် အမျိုးအစားစုံ ၁,၃၀၀ ကျော်၊ တိုက်ခိုက်ရေးဒရုန်း ၁၁,၂၀၀ နဲ့ ရုရှားစစ်လေယာဉ် ၄၀ ကျော်တို့ကို ပစ်ချခဲ့ကြောင်း သိရပါတယ်။
Source : Reuters











