DVB Logo
Home
မြန်မာသတင်း

မွန်တိုင်းရင်းသား ဝါရင့်နိုင်ငံရေးသမားကြီး နိုင်သုဝဏ္ဏ ကွယ်လွန်  

DVB
·
November 23, 2026
Photo: MSDF
Photo: MSDF
Donate to DVB

ဝါရင့် မွန်တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင် နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ နိုဝင်ဘာ ၂၁ ရက်က ကွယ်လွန်သွားတဲ့အတွက် များစွာဝမ်းနည်းကြေကွဲ နှမြောတသ ဖြစ်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက အသီးသီး ထုတ်ပြန်ပါတယ်။

NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဟောင်းလည်းဖြစ်တဲ့ နိုင်သုဝဏ္ဏဟာ ၁၉၆၂ ခုနှစ်၊ ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှုကာလက စတင်ကာ မြန်မာ့နိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး မွန်နိုင်ငံရေးအင်အားစုတွေ အကြား စည်းလုံးညီညွတ်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းခဲ့တဲ့ ဝါရင့်နိုင်ငံရေး ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

နိုင်သုဝဏ္ဏဟာ နွေဦးတော်လှန်ရေးမှာလည်း NUG ပြည်ထောင်စုဝန်ကြီးတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လူငယ်မျိုးဆက်တွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံရေး အတွေ့အကြုံတွေ၊ အမြင်သဘောထားတွေကို ဆက်လက်မျှဝေပေးခဲ့သူတယောက်လည်း ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်သုဝဏ္ဏဟာ မွန်နိုင်ငံရေးအင်အားစုတွေအကြား စည်းလုံးညီညွတ်မှု ရရှိရေးအတွက် ဇွဲမလျှော့ဘဲ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင်တယောက် ဖြစ်တဲ့အပြင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် NUG မှာ ပူးပေါင်းပါဝင်ကာ တော်လှန်ရေးတာဝန်တွေကို ကြိုးပမ်းထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း အသိအမှတ်ပြု ထုတ်ပြန်ထားပါတယ်။

“ဆရာကြီး နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေရဲ့ တော်လှန်ရေးခရီးတလျှောက် ခိုင်မာစွာရပ်တည်ခဲ့တဲ့ ရပ်တည်ချက်တွေ၊ ယုံကြည်ချက်တွေနဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ တာဝန်ထမ်းဆောင်ခဲ့မှုတွေ အတွက် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်တယ်” လို့ မန်းဝင်းခိုင်သန်းက သူ့ရဲ့ ဝမ်းနည်းသဝဏ်လွှာမှာ ပြောပါတယ်။

မွန်အမျိုးသားတို့ရဲ့ နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တဲ့ ဝါရင့် မွန်နိုင်ငံရေး ခေါင်းဆောင်  နိုင်သုဝဏ္ဏ ကွယ်လွန်သွားတဲ့အတွက်  အထူးပင် ဝမ်းနည်းကြေကွဲရတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကလည်း ထုတ်ပြန်ထားပါတယ်။

“လူပုဂ္ဂိုလ်တယောက်ရဲ့ ဘဝခရီး အဆုံးသတ်သွားပေမဲ့ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ သမိုင်း၊ ရပ်တည်ခဲ့တဲ့ ခံယူချက်နဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ တန်ဖိုးဟာ ပျောက်ကွယ်သွားမှာမဟုတ်ပါ။ နိုင်သုဝဏ္ဏ ကွယ်လွန်မှုဟာ မွန်အမျိုးသားနိုင်ငံရေးလောကအတွက် ဝါရင့် ခေါင်းဆောင်တဦးကို ဆုံးရှုံးရတာ ဖြစ်သလို မျိုးဆက်သစ်တွေအတွက်လည်း သမိုင်းအတွေ့အကြုံတွေကို တိုက်ရိုက် လက်ဆင့်ကမ်းပေးနိုင်သူတဦး ဆုံးရှုံးရတာ ဖြစ်တယ်။”

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေနဲ့ နိုင်သုဝဏ္ဏရဲ့ နိုင်ငံရေးသမားဘဝတလျှောက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကို လေးစားအသိအမှတ်ပြုလျက် ကျန်ရစ်သူ မိသားစုဝင်နဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ထားပါတယ်။

နိုင်သုဝဏ္ဏဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေနဲ့ စုဖွဲ့ထားတဲ့ မွန်ပြည် ကြားကာလ ဦးဆောင်ကော်မတီ (MSICC) မှာ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) မှာ သဘာပတိ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်သုဝဏ္ဏကို နိုင်ထွန်းဖေလို့လည်း လူသိများပြီး ကရင်ပြည်နယ်၊ ဘားအံ၊ ထုံအိုင်ဇာတိ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) စတင်ဖွဲ့စည်းခဲ့ရာမှာ ပါဝင်ခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဘားအံမြို့နယ်မှာ မွန်အမျိုးသားပါတီကိုယ်စား ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

နိုင်ငွေသိမ်း၊ ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်းတို့ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ နိုင်ထွန်းသိမ်းနဲ့အတူ ပြည်တွင်း မွန်နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူဖြစ်ပြီး မွန်ညီညွတ်ရေးပါတီရဲ့  ဗဟိုအလုပ်အမှုဆောင်တယောက်လည်း ဖြစ်ပါတယ်။

ပါတီမူဝါဒ လေးစားလိုက်နာမှုအပေါ် သဘောထားကွဲလွဲမှုကြောင့် ၂၀၂၁ မတ် ၂၄ ရက်မှာ ပါတီဝင်တွေ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ချိန်မှာ နိုင်ထွန်းဖေလည်း ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့မှာ မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ် ပါဝင်ခဲ့တာကို လက်မခံဘဲ ပါတီက နုတ်ထွက်ခဲ့တဲ့ နိုင်သုဝဏ္ဏကို အမျိုးသားညီညွတ်ရေးအစိုးရက အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013