DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံက ကမ္ဘာတွင် ပဋိပက္ခ ဒုတိယအများဆုံးနိုင်ငံဖြစ်  
DVB
·
January 2, 2025
မြန်မာနိုင်ငံက ကမ္ဘာတွင် ပဋိပက္ခ ဒုတိယအများဆုံးနိုင်ငံဖြစ်  
Donate to DVB

၂၀၂၄ ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံကို တကမ္ဘာလုံးမှာ ပဋိပက္ခဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) ရဲ့ ဒီဇင်ဘာ ၃၁ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို ပဋိပက္ခဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ဖြစ်ပွားနေတာဟာ အရပ်သားတွေအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ လူဦးရေ ၄၃ ရာခိုင်နှုန်းဟာ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ၁၅ ခု ရှိတဲ့အထဲက ၁၂ ခုမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်ခဲ့ပြီး ပြည်သူတွေဟာလည်း အကြမ်းဖက်မှုတွေကို အရင်ကထက် ပိုမိုခံစားလာကြရတယ်လို့ ကုလရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ဒါ့အပြင် အဲဒီလို စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား ပဋိပက္ခတွေကြောင့်လည်း နိုင်ငံတဝန်း အိုးအိမ်စွန့်ပြီး ထွက်ပြေးခဲ့ကြရတဲ့ အရေအတွက်ဟာ စံချိန်တင်ခဲ့ပြီး နိုင်ငံတဝန်းရှိ လူဦးရေ ၃ ဒသမ ၅ သန်းဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသလို အဲဒီအထဲက သုံးပုံတပုံခန့်ဟာ ကလေးသူငယ်တွေ ဖြစ်ကြတယ်လို့လည်း ဆိုထားပါတယ်။

အဲဒီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေဟာ မကြာခဏဆိုသလို နေရာရွှေ့ပြောင်းနေကြရပြီး ယာယီအမိုးအကာတွေမရှိတဲ့ စခန်းတွေနဲ့ တောတောင်တွေမှာ နေထိုင်ကြရကာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ကာကွယ်ရေးအကူအညီတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားစွာ ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လူနေရပ်ရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်လည်း ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးမှုတွေလည်း မကြခဏရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီနောက် အာဏာသိမ်းမှုအလွန် မတရားဖမ်းဆီးမှုခံရမှုတွေ၊ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား အတင်းအကျပ် လူသစ်စုဆောင်းမှုတွေလည်း ရှိနေပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ လူပေါင်း ၂၈,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ၂၁,၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း ပဋိပက္ခကြောင့် ကလေးသူငယ်တွေအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှုတွေ တိုးလာပြီး နိုင်ငံတဝန်းရှိ ကလေးတွေအတွက် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း ပဋိပက္ခတွေ၊ ရာသီဥတု ဘေးအန္တရာယ်တွေနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့်လည်း လူပေါင်း ၁၅ ဒသမ ၂ သန်းဟာ စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေရတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013