
အမေရိကန်ပြည်ထောင်စု၊ လက်စ်ဗီးဂတ်စ်မြို့ရှိ ထရမ့်ပ်ဟိုတယ် အပြင်ဘက်မှာ တက်စလာ ဆိုက်ဘာထရပ်ကား ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ တခြား ၇ ယောက် ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး အကြမ်းဖက်မှု ဖြစ်နိုင်မဖြစ်နိုင် FBI က စုံစမ်းစစ်ဆေးနေ ပါတယ်။
နယူးအော်လင်းမြို့မှာ လူအုပ်စုထဲကို ကားဝင်တိုက်ပြီး လူ ၁၅ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း နာရီပိုင်းအတွင်း ဖြစ်ပွားခဲ့တာပါ။
လက်စ်ဗီးဂတ်စ်ရဲမှူး ကက်ဗင်မက်မာဟီးလ်က “ဆိုက်ဘာထရပ်ကားတစီး၊ ထရမ့်ပ်ဟိုတယ် ၊ ကျနော်တို့ ဖြေရှင်းရမယ့် မေးခွန်းတွေ အများကြီးရှိပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီကားဟာ ကိုလိုရာဒိုပြည်နယ်ကနေ ငှားရမ်းထားတာဖြစ်ပြီး တက်စလာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ်က ပေါက်ကွဲမှုဟာ မီးရှူးမီးပန်းတွေ သို့မဟုတ် ဗုံးကြောင့်ဖြစ်ပြီး ကားနဲ့ မသက်ဆိုင်ဘူးလို့ ပြောကြားထားပါတယ်။
FBI အထူးအေးဂျင့် ဂျယ်ရမီ ရွှာ့ဇ်က “လူတိုင်းက အဲဒီစကားလုံး (အကြမ်းဖက်မှု) ကို စိတ်ဝင်စားနေပြီး ‘ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုလား’ ဆိုတာ သိချင်နေကြပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကားမောင်းသူရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အများပြည်သူကို မထုတ်ပြန်သေးပါဘူး။
ဟိုတယ်အပြင်ဘက်နဲ့ အတွင်းဘက်က မျက်မြင်သက်သေတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ ကားဟာ ပေါက်ကွဲပြီး မီးတွေ အပြင်းအထန် လောင်ကျွမ်းနေတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်ကို ပြန်လည်ဝင်ရောက်တော့မယ့် အချိန်မတိုင်ခင် ဖြစ်ပွားခဲ့တာပါ။
တက်စလာ စီအီးအို အီလွန်မတ်စ်ခ်ဟာ ထရမ့်ပ်ရဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုမှာ အဓိက ထောက်ခံသူတယောက်ဖြစ်ပြီး နောက်တက်မယ့် အစိုးရမှာ အဓိကဌာနတခုကို တာဝန်ယူဖို့ ရှိနေပါတယ်။
ရဲမှူး မက်မာဟီးလ်က ၂၀၂၄ မော်ဒယ် ဆိုက်ဘာထရပ်ကားထဲမှာ လူတယောက် သေဆုံးနေတာ တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် ၇ ယောက် အသေးစားဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
နယူးအော်လင်းမြို့က တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ကားရော၊ ဒီဆိုက်ဘာထရပ်ကားပါ Turo ကားငှားဝန်ဆောင်မှုကနေ ငှားရမ်းထားတာ ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဆိုက်ဘာထရပ်ကားဟာ မနက် ၈ နာရီ ၄၀ မိနစ်မှာ ထရမ့်ပ်အဆောက်အဦရှေ့ ရောက်ရှိလာခဲ့ပါတယ်။ မီးသတ်သမားတွေဟာ ကားမီးလောင်မှု သတင်းရပြီး ၄ မိနစ်အတွင်း ရောက်ရှိလာပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ဒဏ်ရာရသူ ၂ ယောက်ကို ဆေးရုံပို့ခဲ့ရပြီး ထရမ့်ပ်ဟိုတယ်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရကာ ဧည့်သည်အများစုကို အခြားဟိုတယ်တခုဆီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
Source : Reuters











