
ဒီကနေ့ နှစ်သစ်ကူး ၁ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် ပြစ်ဒဏ်အသီးသီး ကျခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ မျှော်လင့်ချက်နဲ့ အင်းစိန်အကျဥ်းထောင် ထွက်ပေါက်အနီးမှာ လာရောက်စောင့်ဆိုင်းသူတချို့ ရှိခဲ့ပါတယ်။
အကျဥ်းဦးစီး တာဝန်ရှိသူတချို့ကတော့ ဒီကနေ့မှာ လွတ်ရက်စေ့အကျဥ်းသား လွှတ်ပေးဖို့ မရှိတဲ့အပြင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမဲ့ အကျဥ်းသားလည်း မရှိဘူးလို့ ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဆေးမှုနဲ့ ပြစ်ဒဏ်ကျခံရတဲ့ သားဖြစ်သူကို မိခင်ဖြစ်သူက ဒီကနေ့ ဇန်နဝါရီ ၁ ရက်၊ နှစ်သစ်ကူးနေ့မှာ လာရောက်စောင့်ဆိုင်းနေတာကိုလည်း တွေ့ရပါတယ်။
ဒီကနေ့ နှစ်သစ်ကူးနေ့မှာ တနိုင်ငံလုံး အကျဥ်းသားဦးရေ အများဆုံးရှိရာ အင်းစိန်အကျဥ်းထောင်ရဲ့ အရှေ့ဘက်ဂိတ်ကြီးနဲ့ အနောက်ဘက် မင်းစေတီဂိတ်မှာပါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ မရှိသေးပါဘူး။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ အရပ်သား ၂၀,၁၈၅ ယောက် ဖမ်းဆီးအကျဥ်းချခံခဲ့ရပြီး အဲဒီထဲက ၂၁,၄၇၉ ယောက်မှာ အကျဥ်းကျနေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။











