DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ပုပ္ပါးတောင်တက်ခွင့် ပိတ်ပင်ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်
DVB
·
December 31, 2024
စစ်ကောင်စီတပ်က ပုပ္ပါးတောင်တက်ခွင့် ပိတ်ပင်ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ကို ဒီဇင်ဘာ ၂၈ ရက်ကစပြီး စစ်ကောင်စီတပ်က တက်ရောက်ခွင့်ပိတ်ပင်လိုက်ပြီး ပြည်သူတယောက်ကိုလည်း ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ပုပ္ပါးတောင်ခြေမှာ ဈေးရောင်းတဲ့ စျေးသည်တယောက်က “တောင်မကြီးပေါ်က စစ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့ နောက်ရက်ကနေစပြီးတော့ စစ်တပ်က တောင်မကြီးပေါ်တက်ခွင့် ပိတ်လိုက်တာပါ။ အဲဒီသတင်းကြောင့် ခရီးသွားတွေလည်း လျော့သွားတာပေါ့။ အရောင်းအဝယ်ကတော့ သိသိသာသာ ကျသွားတယ်။ သူတို့ အပစ်ခံရတာနဲ့ တောင်တက်ခွင့်ပိတ်တာနဲ့က ဘာမှမဆိုင်ဘူးလို့တော့ ထင်တယ်လေ။ ဘယ်တော့ ပြန်ဖွင့်ပေးမလဲ ဆိုတာလည်း မသိရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ ပုပ္ပါးတောင်ပေါ်က စစ်တပ်ရဲ့ ဆက်သွယ်ရေးစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး အရာခံဗိုလ်အဆင့်ရှိသူတယောက်နဲ့ တပ်သားအဆင့် တယောက် သေဆုံးခဲ့ပါတယ်။

Popa Production & Guerilla Force - PPGF တာဝန်ခံ ရဲဘော်ဗျတ္တက “ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရတာကို သူတို့စစ်တပ်က တညလုံး မသိဘူး။ နောက်နေ့မနက်မှ သိပြီး အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းဝင်လာပြီး ပုပ္ပါးတောင်ခြေမှာရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတော့ ရှိတယ်။ သိပ်မကြာဘူး၊ ဈေးသည်တွေကို တောင်ပေါ်ကဆင်းခိုင်းပြီး တောင်တက်ခွင့် ပိတ်လိုက်တာပါ။ တကယ်တော့ အခုရာသီက တောင်တက်ရာသီဆိုပေမဲ့ တကယ့် တောင်တက်ဝါသနာရှင်တွေက အခုလိုရာသီမှာ လူရှုပ်လို့ မတက်ကြဘူး။ ဒီဇင်ဘာ ပိတ်ရက်မို့လို့ ခရီးသွားတွေ လာကြတာပါ” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်ဖွဲ့က ကင်းလှည့်စဥ် ပုပ္ပါးနယ်၊ မြောက်ကုန်းကျေးရွာက အမျိုးသားတယောက်ကို အကြောင်းမဲ့ ပစ်သတ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးနဲ့ တိုက်ခိုက်ရေးရေချိန်မြင့်လာတဲ့ အခုလိုကာလတွေမှာ ပြည်သူတွေအနေနဲ့ အရေးကြီးကိစ္စမရှိဘဲ ခရီးသွားလာတွေကို အထူးရှောင်ရှားကြဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို ဝေးဝေးကနေ ရှောင်ရှားကြဖို့ အထူးတိုက်တွန်းထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ချက်တွေ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013