
ဂါဇာမြောက်ပိုင်းဆေးရုံက ဒါဇင်နဲ့ချီတဲ့ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ပါလက်စတိုင်းလူမျိုး ၂၄၀ ကျော်ကို အစ္စရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၇ ရက်မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ခါမယ်လ်အဒ်ဝမ် ဆေးရုံတဝိုက်က အစ္စရေး စစ်ဆင်ရေးလို့ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ကို ဒီဇင်ဘာ ၂၈ ရက်မှာ အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဆေးရုံကို ဟားမတ်စ် စစ်ဆင်ရေးအတွက် ကွပ်ကဲမှုစင်တာအဖြစ် သုံးနေပြီး ဖမ်းဆီးခံရသူအားလုံးက စစ်သွေးကြွလို့ သံသယရှိသူ တွေလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
၁၅ လကြာ ဂါဇာစစ် ပွဲတလျှောက် ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ ဒီဆေးရုံကို စီမံခန့်ခွဲခဲ့တယ်ဆိုတဲ့ အစ္စရေးရဲ့ စွဲချက်တွေကို အလိမ်အညာအဖြစ် ဟားမတ်စ်က ငြင်းဆိုခဲ့ပြီး ဆေးရုံမှာ တိုက်ခိုက်ရေးသမား မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဖမ်းဆီးခံရသူ လူအယောက် ၂၄၀နဲ့ ပတ်သက်ပြီး ဟားမတ်စ်တွေက မှတ်ချက်မပေးသေးပါဘူး။ လူနာတွေကို ခါမယ်လ်အဒ်ဝမ် ဆေးရုံကနေ ဝန်ဆောင်မှုမပေးတဲ့ အင်ဒိုနီးရှားဆေးရုံဆီကို ရွှေ့ပြောင်းပေးခဲ့ရပြီး ဆေးဝါးတွေ အင်ဒိုနီးရှား ဆေးရုံဆီ မရောက်အောင် တားမြစ်ထားတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
တခြားလူနာတွေနဲ့ ဝန်ထမ်းတွေကို တခြား ဆေးဘက်ဆိုင်ရာဌာနတွေဆီ ခေါ်သွားတယ်လို့လည်း ပြောပါတယ်။
ခါမယ်လ် အဒ်ဝမ်ဆေးရုံ စစ်ဆင်ရေးမတိုင်မီ လူနာနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအယောက် ၃၅၀ ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့တယ်၊ ခွဲစိတ်ခံ တခြားလူနာ ၉၅ ယောက်ကို အင်ဒိုနီးရှား ဆေးရုံဆီ ရွှေ့ပြောင်းပေးဖို့ ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက် ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောခဲ့ပါတယ်။
စစ်ပွဲမတိုင်ခင်က ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်းသား အယောက် ၄၅,၄၀၀ကျော် သေဆုံးခဲ့တယ်လို့ နယ်မြေထဲက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်နေ လူဦးရေ ၂ ဒသမ ၃ သန်းရဲ့ အများစုမှာ အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ အများစုက ပြားပြားဝပ် ပျက်စီးခဲ့တာပါ။
Source: Reuters











