DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်
DVB
·
October 20, 2014
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်
Donate to DVB

မြန်မာနိုင်ငံမှာ  အကြမ်းဖက်မှုအန္တရာယ် မကျရောက်အောင် ကြိုတင် ကာကွယ်တားဆီးမှုတွေ ဆောင်ရွက်သွားဖို့  အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို  အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက ထုထ်ဖော် ပြောကြားလိုက်ပါတယ်။

myanmar policeပြီးခဲ့တဲ့ ဇွန်လကမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ပြည်ထဲရေး ၀န်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့ဖို့ ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာန အကြီးအကဲ ရဲမှုးချုပ် ဦးစိုးမြိုင်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ကျနော်တို့က ဗဟိုအဖွဲ့ လုပ်ငန်းအဖွဲ့တွေ ဖွဲ့ရပါမယ်။ ကျနော်တို့ အဆိုပြုထားတာတော့ ပြည်ထဲရေးဝန်ကြီး ပြည်ထောင်စု ၀န်ကြီးက ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါမယ်။ ကျယ်ပြန့်တဲ့ ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ ၀န်ကြီးဌာနတော်တော်များများကနေပြီး ကိုယ်စားလှယ်တွေ ပါလာဖို့ ရှိပါမယ်။ ဆောင်ရွက်နေတုန်းပဲ ရှိပါသေးတယ်။ အတည်ပြုပြီးသွားရင်တော့ နိုင်ငံတော်ရဲ့ကြေညာချက်နဲ့ ထုတ်ပြန်သွားပါမယ်။”

ဒီဗဟိုအဖွဲမှာ ခန့်မှန်းခြေအဖွဲ့ဝင်ပေါင်း ၄၀ ၀န်းကျင်ရှိနိုင်ပြီး ဖွဲ့စည်းမယ့်ရက်ကို အတိအကျမ သိနိုင်သေးပေမယ့် တတ်နိုင်သလောက် အမြန်ဆုံးဖွဲ့စည်းသွားမယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ အသေးစားနဲ့ အပြင်းစား ဗုံးဖောက်ခွဲမှုတွေကတော့ မကြားသေးခင်နှစ်တွေအတွင်း  ဖြစ်ပွားခဲ့ဖူးတာရှိပေမယ့်  ပြည်ပက အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခိုက်ခံရမှုတွေကတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကတော့  အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အာမန် အယ်ဇာဝါဟီရီက အိန္ဒိယတိုက်ခွဲမှာ တပ်ဖွဲ့သစ် တိုးချဲ့ဖွဲ့စည်းလိုက်တဲ့အကြောင်းနဲ့ ကမ္ဘာတ၀န်း အစွန်းရောက် အစ္စလာမ္မစ် လှုပ်ရှားမှုတွေကို အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အထိ တိုးချဲ့လိုက်တယ်လို့ အင်တာနက်က လွှင့်တင်တဲ့ ဗွီဒီယိုမှာ  ကြေညာထားပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း    မန္တလေးလေဆိပ်မှာ  AIR KBZ လေကြောင်းလိုင်းပိုင် ခရီးသည်လေယာဉ်တစ်စီးပေါ်က အစ္စလာမစ်နိုင်ငံတော်အကြမ်း ဖက်အဖွဲ့နဲ့ ပတ်သက်တဲ့ ပိုင်ရှင်မဲ့  စာရွက်စာတမ်းတွေ လေယာဉ်သန့်ရှင်းရေးလုပ်စဉ်မှာ လုံခြုံရေးတွေက ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က   ရဲမှုးချုပ် ဦးစိုးမြိုင်ကတော့ လက်ရှိ မြန်မာနိုင်ငံကို   ပြည်ပအကြမ်း ဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့အတွေ့အကြုံတွေကို ကြည့်ရင်တော့ ဒီအကြမ်းဖက်သမားများသည် နိုင်ငံတကာ ကွန်ရက်တွေနဲ့ ချိတ်ဆက်တာ မတွေ့ရဘူး။ အကြမ်းဖက်သောင်းကျန်းသူ အုပ်စုထဲက ပဲ့ထွက်လာတဲ့ အုပ်စုလေးတွေက သူတို့ယုံကြည်ချက်နဲ့ သူတို့၊ နောက်အသုံးပြုတဲ့ လက်နက်တွေကလည်း လက်လုပ်ပစ္စည်းလေးတွေနဲ့ သုံးတာတွေ့ရတယ်။ ဒီအတွက် နိုင်ငံတကာကွန်ရက်တွေနဲ့ ချိတ်ဆက်မှု မရှိသေးဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ သို့သော်  အယ်လ်ကိုင်းဒါး ခေါင်းဆောင်ကလည်းပဲ သူတို့ပစ်မှတ်ဟာ မြန်မာနိုင်ငံကို ချိန်ရွယ်လာပြီဖြစ်တဲ့ အတွက် နိုင်ငံတကာနဲ့လည်း ချိတ်ဆက်မှုတွေများ ရှိနိုင်မလားလို့ ကျနော်တို့ တွေးပါတယ်။ အခု နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေများအရ အကြမ်းဖက်ဝါဒသည် လူသစ်စုဆောင်းတာတွေ ပြန့်ပွားတာတွေကို အရှိန်အဟုန်မြှင့်ပြီး လုပ်နေတဲ့အတွက် ကျနော်တို့ဆီမှာလည်း ဒီလိုမျိုး အန္တရာယ်တွေကို မကျရောက်အောင် ကြိုတင်ကာာကွယ်တားဆီးဖို့၊ ဖြစ်လာခဲ့ရင်လည်း ဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်ဖို့ ဒီဟာတွေအတွက် ကြိုတင် စီမံသင့်တဲ့ဟာတွေကို စီမံထားပြီးတော့ လုပ်သင့်တဲ့ဟာကို လုပ်လိုက်တယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှု ကျးလွန်သူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် တသက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်တဲ့  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကပဲ  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်  ဒီဥပဒေနဲ့  အရေးယူခံထားရသူမရှိသေးပဲ  အကြမ်းဖက်မှု သံသယနဲ့ မကြာသေးတဲ့ လပိုင်းတွေအတွင်း ဖမ်းဆီးအရေးယူထားသူပေါင်း ၃၀ ၀န်းကျင်လောက် ရှိတယ်လို့ ရဲတပ်ဖွဲ့က စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013