DVB Logo
Home
မြန်မာသတင်း
မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ကျဆုံး
DVB
·
December 29, 2024
မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ကျဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှာ အစာအိမ်ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသား တယောက် အချိန်မီဆေးကုသခွင့်မရဘဲ ကျဆုံးသွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟာ မောင်ကျော်ဇင်လတ်(ခ)ပစ္စတို ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်က ရောဂါပြင်းထန်လာလို့ ထောင်တာဝန်ရှိသူတွေက ဆေးမှူး ဆိုသူနဲ့ ပြသပေးခဲ့ပေမဲ့ ဆေးမှူးက ဆေးထိုးပြီး မကြာမီ ကျဆုံးသွားတာလို့ ဆိုပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ဗိုက်ထဲ အရမ်းအောင့်လာလို့ ထောင်အာဏာပိုင်တွေကို သူက မနက်ပိုင်းကတည်းက အကြောင်းကြား တင်ပြတာ။ ညနေဘက်ကျမှ ထောင်အာဏာပိုင်တွေက ဆေးမှူးဆိုသူ ဇင်မင်းသော်နဲ့ ပြပေးတာ။ ဆေးထိုးပြီး မိနစ်ပိုင်းအတွင်း သေဆုံးသွားတာပဲ။ ဆေးထိုးပြီး ဆုံးတာဖြစ်လို့ ဆေးထိုးမှားတာလို့ ထောင်အာဏာပိုင်တွေဘက်က အသံထွက်နေတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား မောင်ကျော်ဇင်လတ်ဟာ ပုသိမ်အကျဉ်းထောင်ကနေ မြောင်းမြအကျဉ်းထောင်ကို ၂၀၂၄ ခုနှစ်အတွင်းမှာ ပြောင်းရွှေ့ခံထားရတာဖြစ်ပြီး ဝေဒနာရှိကြောင်း အထောက်အထားနဲ့ ဆေးကုသခွင့်ပေးဖို့ သက်ဆိုင်ရာ ထောင်တာဝန်ရှိသူတွေဆီ မကြာခဏ တင်ပြပေမယ့် ခွင့်မပြုပေးခဲ့ဘူး ဆိုပါတယ်။

မြောင်းမြအကျဉ်းထောင်နဲ့ နီးစပ်တဲ့ဝန်ထမ်းတယောက်က “မြောင်းမြထောင်ထဲမှာက ဆေးဝါး ထောင်ဝင်စာပို့ခွင့် ကန့်သတ်ခံနေရတဲ့အပြင် အကျဉ်းသားတွေလက်ထဲမှာ ဆေးဝါးအများအပြား ထားတာကို ထောင်အာဏာပိုင်တွေက တားမြစ်ထားတယ်လေ။ အခုရက်ပိုင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေကို မိလ္လာခပ်ခိုင်းတယ်၊ ထင်းပေါက်ခိုင်းတယ်၊ မြက်ရှင်းခိုင်းတာ အပါအဝင် အလုပ်ကြမ်း လုပ်ခိုင်းတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ ဆေးဝါးမလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက တလ တခါ ထောင်ဝင်စာပို့တဲ့အခါ ဆေးဝါးတွေ ထည့်ပေးလိုက်ပေမဲ့ ထောင်တာဝန်ရှိသူတွေက သိမ်းယူတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပို့ခွင့်ရတဲ့ ဆေးဝါးတချို့ကိုလည်း နိုင်ငံရေးအကျဉ်းသားတွေလက်ထဲ တိုက်ရိုက်မရောက်ဘဲ ထောင်ဆေးခန်းကနေ တဆင့် ထုတ်ပေးတာလို့ သိရပါတယ်။

မြောင်းမြထောင်မှာ ကျန်းမာရေးချို့တဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့် အလုံအလောက်မရသလို ဆေးဝါးပို့ခွင့်လည်း ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာမြို့ ရဲစခန်းအချုပ်ခန်းမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်ဟာ ကျောက်ကပ်ရောဂါကြောင့် ဆေးဝါးကုသခွင့်ရဖို့ တင်ပြခဲ့ပေမဲ့ မကုသပေးလို့ အချုပ်ခန်းထဲမှာပဲ ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပြီး ၂၀၂၄ ခုနှစ်အတွင်း အကျဉ်းထောင်တွေထဲမှာ ဆေးကုသခွင့် အလုံအလောက်မရလို့ ကျဆုံးရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀ ကျော်အထိရှိလာတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013