DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ်မှာ  အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပိုဆိုးလာ
DVB
·
December 26, 2024
အွန်လိုင်းပေါ်မှာ  အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပိုဆိုးလာ
Donate to DVB

မြန်မာအမျိုးသမီးတွေအနေနဲ့ ယုံကြည်ရတဲ့ချစ်သူ၊ အိမ်ထောင်ဖက်တွေဆီကနေ ရတဲ့ သစ္စာဖောက်မှုတွေနဲ့အတူ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတွေ အွန်လိုင်းပေါ်မှာ ပိုဆိုးလာနေပါတယ်။

အာဏာသိမ်းပြီးနောက်မှာ လူငယ်တွေက လူမှုကွန်ရက် သုံးတာတွေ ပိုများလာသလို လူမှုကွန်ရက် အသုံးပြုပြီး ပြစ်မှုကျူးလွန်တာတွေကလည်း ပိုများလာနေပါတယ်။

အသက် ၂၀ ကျော် လူငယ်အမျိုးသမီးတယောက်က သူ နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်နေရပေမဲ့ ပြည်တွင်းမှာရှိတဲ့ ရည်းစားဟောင်းဆီကနေ အွန်လိုင်းကတဆင့် ခြိမ်းခြောက်ပြောဆိုမှုကို ခံရနေရပြီး သူ ယုံကြည်ရတဲ့ ဖွင့်ပြောပြစရာလူတွေ မရှိခင်အထိ  လနဲ့ချီ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဆိုးဆိုးဝါးဝါး ခံစားခဲ့ရကာ ဘဝကို လက်လျှော့လိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်၊

“တခြားမိန်းကလေးတွေနဲ့လည်း ရှုပ်တယ်၊ တခြား မိန်းကလေးတွေလည်း ရှိတာကို သိပြီးတဲ့နောက် လမ်းခွဲဖို့ ပြောတာကို သူက လက်မခံနိုင်ဘူး။ ဖွင့်ဖောက်ချတာ ကိုယ် ယုံကြည်လို့ အတူနေမိတဲ့ပုံတွေ၊ ပို့ခဲ့တဲ့ပုံတွေကို ငါ့မှာ  မသိမ်းထားဘူး ထင်နေလား၊ ငါ ဒါတွေနဲ့ ထိန်းချုပ်မယ်၊ နင် ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မှာမှ နေလို့မရအောင် လုပ်ပစ်မယ်တဲ့၊ သူ ခြိမ်းခြောက်တဲ့ စကားတွေအတိုင်းကို စိတ်ထဲစွဲပြီး ငါ အသက်မရှင်တာမှ ပိုကောင်းမယ်၊ ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်းတွေကို အရှက်ကွဲစေတာထက်စာရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မယ် ဆိုတဲ့အထိ တွေးတယ်”လို့ ကျူးလွန်ခံရသူအမျိုးသမီးက ပြောပါတယ်။ 

Against Sexual Violence လို့ အဖွဲ့ကတော့ အွန်လိုင်းကနေ အကြောင်းအမျိုးမျိုးကြောင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြိမ်းခြောက်ခံနေရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတာပါ။

ကူညီပေးခဲ့တဲ့ ကာလတလျှောက် အွန်လိုင်းပေါ်မှာ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေက ပိုများလာတယ်လို့ ASV Team ရဲ့ တာဝန်ခံက ပြောပြပါတယ်၊

“အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအားဖြင့် အကြမ်းဖက်ခံရသည်ဖြစ်စေ၊ တခြားသောနည်းလမ်းတွေနဲ့ ခြိမ်းခြောက်ခံနေရသည်ဖြစ်စေ၊ အမျိုးသမီးတွေအနေနဲ့ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အခါ လက်ရှိဥပဒေအရ ထိထိရောက်ရောက်လည်း မဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ဝင်ရောက်ပါဝင်ကူညီပေးတယ်ပေါ့။ ကျနော် အပါအဝင် ကျနော်တို့အဖွဲ့က ညီအစ်ကိုတွေ ကူညီပေးခဲ့တာ အနည်းဆုံး ၅၀၀ နဲ့  ၁၀၀၀ ကြားရှိခဲ့ပြီပေါ့၊ ဒီ လေး ငါးနှစ်အတွင်းမှာပေါ့၊ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျနော်တို့ဆီ ရောက်လာတဲ့ အကူအညီတောင်းတဲ့ အရေအတွက်နဲ့ အခု ၂၀၂၄ နဲ့ ၂၀၂၄ နောက်ပိုင်းမှာ ရောက်လာတဲ့ မိန်းကလေးက အရမ်းကို များပါတယ်၊ သိသိသာသာကို တိုးလာတယ်။”

အမျိုးသမီးတွေအနေနဲ့ အွန်လိုင်းပေါ်က ထိပါးနှောင့်ယှက်မှုတွေကို ကိုယ်တယောက်တည်း မကိုင်တွယ်နိုင်တဲ့အခါ ပတ်ဝန်းကျင်ကို ရင်ဖွင့်ပြောပြပြီး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီ အကူအညီတောင်းခံဖို့လည်း လိုအပ်ပါတယ်။

Stop Online Harm Myanmar အစီအစဉ်ခေါင်းဆောင် ဟတ်တီက “ကိုယ့်အမှား မဟုတ်ဘူး။ ကိုယ့်ကို ကူညီလမ်းပြပေးမယ့်သူတွေ ရှိတယ်ဆိုတာ မမေ့သင့်ဘူး။ လိုအပ်ရင် ဆိုရှယ်မီဒီယာကနေလည်း အနားယူဖို့ လိုတယ်ပေါ့။ အရေးအကြီးဆုံးတခုကတော့ မှတ်တမ်းတင်ထားဖို့ပေါ့။ သက်သေတွေ ယူထားဖို့ပေါ့။ အနိုင်ကျင့်မှုတွေကို ရပ်တန့်ဖို့အတွက်က အထောက်အထားသက်သေတွေက မဖြစ်မနေ လိုတယ်ပေါ့။ ပြီးရင် ဘယ်လိုရီပို့ လုပ်ရမယ်ဆိုတာ မသိဘူးဆိုရင် သိတဲ့နားလည်တဲ့ အဖွဲ့တွေကို reach out လုပ်ပြီးတော့လည်း အကူအညီ လှမ်းတောင်းလို့ရပါတယ်”လို့ ပြောပါတယ်။

အွန်လိုင်းပေါ်ကနေ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အတွင်းရေးကိစ္စတွေကို မိဘနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီ ဖွင့်ဖောက်ချခံလိုက်ရတဲ့ လူငယ်အမျိုးသမီး ပြောတာကတော့ သူ့အနေနဲ့ ဒီလိုဖြစ်ခဲ့ပေမဲ့  ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်လျှောက်လှမ်းနေတယ်လို့ ဆိုပါတယ်။

ကျူးလွန်ခံရတဲ့ အမျိုးသမီးက “သူတို့ တွေးတာက အရှက်ခွဲတာပဲ၊ ဒါပေမဲ့ ရှက်မပြတာက ကိုယ် လုပ်မယ့်အရာ။ ကိုယ် တွေးထားတဲ့အရာကို မပျက်စီးစေချင်ဘူးဆိုတဲ့ စိတ်လေးနဲ့ပေါ့၊ အဲဒီ ယောကျ်ား မိန်းမ ကိစ္စထက်ကို အရေးကြီးလုပ်စရာတွေ အများကြီး ရှိတယ်ဆိုတဲ့ စိတ်လေးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အားပေးဖြစ်တယ်”လို့ ပြောပါတယ်။

အွန်လိုင်းပေါ်ကနေ အကြမ်းဖက်တယ်လို့ ဆိုတဲ့အခါ အတူနေခဲ့ဖူးတဲ့ ကိုယ့်ရဲ့ ပါတနာဖြစ်သူ ကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအငြိုးအတေးတွေကြောင့် ကျူးလွန်တာရှိသလို အမျိုးသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ ဓာတ်ပုံတွေကို စီးပွားဖြစ် ဖြန့်ဝေရောင်းချနေသူတွေလည်း ရှိပါတယ်။

ASV  အဖွဲ့ကတော့ ဒီလို တရားမဝင် ဖြန့်ဝေရောင်းချနေတဲ့ ဝက်ဆိုဒ်တွေ ချန်နယ်တွေကို အပြီးဖြုတ်ချနိုင်ဖို့အထိ ဆက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ကိုယ်နဲ့ပတ်သက်တဲ့သူက တကယ်အိမ်ထောင်ပြုထားတာ မဟုတ်သေးဘဲ ဒီ relation မျိုးတွေနဲ့ ဖြတ်သန်းနေကြတာဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို တတ်နိုင်သမျှ ထိန်းသိမ်းဖို့ပေါ့ အဲဒါက အရမ်းအရေးကြီးပါတယ်၊ နောက်တခုက ယောကျ်ားလေးတွေပါ၊ ယောကျ်ားဆန်တယ် ဆိုတာ တကယ်တော့ လူသားဆန်တာပါ၊ ကျနော်တို့ ဖြေရှင်းပေးခဲ့တဲ့ ယောကျ်ားလေးအများစုရဲ့ နှုတ်ထွက်စကားက ငါ မကျေနပ်လို့ သူက ငါ့ကို သစ္စာဖောက်လို့၊ ဒါတွေကို သွားအပြစ်ပြောလို့ မရဘူး၊ အပြစ်ပြောလို့ရရင်တောင် အရှက်ခွဲလို့ မရဘူး၊ သူ့ကို မကျေနပ်လို့ လုပ်တာဆိုတဲ့ စကားက ယောကျ်ားတစ်ယောက်မှာ ထွက်သင့်တဲ့စကား မဟုတ်ဘူးပေါ့၊ ကျနော်တို့ စည်းစောင့်ရမယ်၊ ကျင့်ဝတ်တခုအနေနဲ့ စောင့်ထိန်းရမယ်။”

အမျိုးသမီးတွေအနေနဲ့ အွန်လိုင်းပေါ်ကနေ နှောင့်ယှက်စော်ကားတာနဲ့ အကြမ်းဖက်မှုတွေ ခံရတဲ့အခါ ယုံကြည်စိတ်ချရတဲ့သူတွေကို ဖွင့်ပြောပြဖို့၊ ကိစ္စအားလုံးက ကိုယ့်အမှား မဟုတ်ဘူးဆိုတာ လက်ခံနိုင်ဖို့နဲ့ ဒီကိစ္စတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီ အကြံဉာဏ်တောင်းခံဖို့ လိုအပ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013