DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်အတွင်း ထိုင်းတွင် အထောက်အထားမဲ့ မြန်မာ သန်းချီရှိလာ
DVB
·
December 26, 2024
၂၀၂၄ ခုနှစ်အတွင်း ထိုင်းတွင် အထောက်အထားမဲ့ မြန်မာ သန်းချီရှိလာ
Donate to DVB

၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေနဲ့ ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားဝင်ရော၊ တရားမဝင်ပါ ရွှေ့ပြောင်းလာကြပြီး ထိုင်းမှာ အထောက်အထားမဲ့ မြန်မာအရေအတွက် သန်းချီရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်ကတည်းက နယ်စပ်မတည်ငြိမ်မှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက တိုင်းရင်းသားတွေ ရွှေ့ပြောင်းသွားလာတွေ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ထိုင်းမှာ အထောက်အထားမဲ့ အရေအတွက်က ပိုများလာပြီး သန်းချီ ရှိလာပါတယ်။

အလုပ်သမားအရေး လုပ်ဆောင်သူတွေရဲ့ ခန့်မှန်းပြောဆိုချက်အရ ထိုင်းမှာ မြန်မာတွေ ၇ သန်းနီးပါး ရှိနေပြီး ထိုင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား အရေအတွက် ၂ သန်းကျော်သာ ရှိတဲ့အတွက် ထိုင်းနိုင်ငံ၊ ခရိုင် ၇၇ ခုမှာ အထောက်အထားမဲ့ မြန်မာတွေ သန်းချီရှိနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ထိုင်းအစိုးရက ဒီဇင်ဘာ ၁၆ ရက်မှာ ပြုလုပ်ပေးတဲ့ ပန်းရောင်ကတ် အထောက်အထားသစ်ကို လျှောက်ထားတဲ့ မြန်မာအရေအတွက်က ၁ သန်းနီးပါးအထိ ရှိနိုင်တယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

MHAC အလုပ်သမားကူညီရေးအဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “အလုပ်လက်မဲ့ မြန်မာလုပ်သားတွေ အခုဆိုရင် ထိုင်းနိုင်ငံမှာ သန်းနဲ့ချီ ရှိနေတယ်။ ဆိုလိုတာက အခု ပန်းရောင်ဘတ် လူသစ်စာရင်း တင်တဲ့သူတွေက အလုပ်လက်မဲ့တွေ များတယ်။ အဲ့တော့ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ ၂၀၂၄ မှာ အများဆုံး ကြုံတွေ့ရတဲ့ အခက်အခဲကတော့ နေထိုင်ခွင့်သက်တမ်းတွေတိုးတာ၊ သက်တမ်းတိုးတဲ့အခါ ဈေးနှုန်းကြီးမြင့်စွာ မတရား ခေါင်းပုံဖြတ် ကောက်ခံ ခံရတာနဲ့ လုပ်သားထု ဖောင်းပွလာတဲ့အပေါ်မှာ အခွင့်အရေးယူတဲ့ လုပ်ငန်းရှင်တွေကြောင့် အလုပ်သမားအခွင့်အရေး ဖိနှိပ်မှုတွေ၊ လုပ်ငန်းခွင်ဖိနှိပ်မှုတွေ အများဆုံး ကြုံနေရတယ်။ ပြီးတော့ လုပ်ငန်းခွင် အန္တရာယ်ဖြစ်တဲ့ နေရာတွေမှာလည်း ကျနော်တို့ မြန်မာနိုင်ငံသားတွေ အသေအပျောက်များတယ်။ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ၂၀၂၄ မှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုတွေ တော်တော်များတယ်။ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုမှာ ၂၀၂၄ မှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အများဆုံးပဲ” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာပဲ ထိုင်းမှာ ရက်ပေါင်း ၁၂၀ စီမံချက်အရ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်လုပ်ကိုင်ရာ နေရာတွေမှာ ရှောင်တခင် ဝင်ရောက်ပြီး အလုပ်အကိုင် နေရာပေါင်း ၂၀,၁၅၂ နေရာ၊ အလုပ်သမားပေါင်း ၂၇၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။

အဲဒီလို စစ်ဆေးခဲ့ရာမှာ အလုပ်သမားဥပဒေနဲ့ မညီလို့ ဖမ်းဆီးအရေးယူခံရတဲ့ အလုပ်သမား ၂,၀၆၃ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာအလုပ်သမား ၁,၂၈၉ ယောက်၊ ကမ္ဘောဒီးယား ၂၈၁ ယောက်၊ လာအို ၃၁၅ ယောက်၊ ဗီယက်နမ် ၄၁ ယောက်နဲ့ တခြား နိုင်ငံသား ၁၃၇ ယောက်တို့ ပါဝင်တယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ထိုင်းမှာ တရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံရသူတွေကို တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်ပြီး အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံဘက်အခြမ်းကို ပြန်ပို့ဆောင်တာတွေလည်း ရှိပါတယ်။

ထိုင်းရောက် မြန်မာလူငယ် ကိုအောင်ပြည့်က “နဂိုကတည်းက စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ရယ်၊ စစ်မှုထမ်းဥပဒေကို ရှောင်ချင်လို့ရယ်၊ အားလုံးက ဒီဘက်ကို ရှောင်လာတာ ဖြစ်တဲ့အတွက် အဲဒီဘက်ကို ပြန်ပို့တယ်ဆိုတာ ကျနော်တို့လို ပြည်ပရောက် မြန်မာလူငယ်တွေအတွက်တော့ အိပ်မက်ဆိုးတခုလို ဖြစ်နေတာပေါ့။ အဲဒီအတွက်ကြောင့် ပြန်ပို့လို့မရအောင် အဖမ်းဆီးမခံရအောင်ဘဲ ရှောင်တိမ်းနေရတဲ့ အခြေအနေပေါ့။ ဘာမှလည်း မတတ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်မှာလည်း အထောက်အထား မရှိဘူး။ အဖမ်းဆီးမခံရအောင် ကိုယ့်ဘာကိုယ်ပဲ ဆင်ခြင်ရမှာပေါ့။ အာဏာသိမ်းတာနဲ့ နောက်ဆက်တွဲ ပါလာတဲ့ စစ်မှုထမ်းဥပဒေကို ရင်မဆိုင်ချင်လို့ ဒီဘက်ကို ရှောင်တိမ်းလာတာလေ” လို့ ပြောပါတယ်။

၂၀၂၄ အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး တာဝန်ရှိသူတွေရဲ့ စစ်ဆေးမေးမြန်းမှုကို မခံဘဲ အတင်းမောင်းပြေးတဲ့အတွက် သေဆုံးတာက မြန်မာနိုင်ငံသား အယောက် ၃၀၊ ထိုင်းရဲတယောက်နဲ့ ထိခိုက်ဒဏ်ရာရတာက မြန်မာနိုင်ငံသား ၈၁ ယောက်၊ ထိုင်းရဲတယောက် ရှိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။

တရားမဝင် နေထိုင်မှုနဲ့ ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံ၊ ရနောင်းအကျဉ်းထောင်ကနေ ပြန်လွတ်လာသူတွေဟာ မြန်မာနိုင်ငံဘက်အခြမ်းကို ပြန်ပို့ခံရတဲ့အခါ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “ရနောင်းနဲ့ ကော့သောင်းလမ်း၊ အထူးသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း အကျဉ်းထောင်တွေကနေ သွားတဲ့အခါမှာ ရာနဲ့ချီပြီးတော့ မြန်မာနိုင်ငံဘက်ကို ပြန်ပို့တဲ့အခါမှာ အများစုက စစ်သားစုဆောင်းခံရတယ်။ အဲ့အရေအတွက်လည်း မနည်းဘူး။ အဲဒါ ပေါ်တင် စုဆောင်းခံရတာ။ မြဝတီ-မဲဆောက်ဘက်ကျတော့ အကျဉ်းထောင်တွေကနေ လွတ်ပြီး ဟိုဘက် ညောင်ခါးရှည် ဝေါမြို့ စစ်ဆေးရေးဂိတ်မှာ လူငယ်တွေကို ကောက်သင်းကောက်တာ။ ဟိုဘက်ကတော့ ပေါ်တင် စစ်သားစုဆောင်းတယ်။ မဲဆောက်-မြဝတီဘက်မှာတော့ ညောင်ခါးရှည်ဘက်မှာ ကောက်သင်းကောက်သလို စစ်သားစုဆောင်းတာ” လို့ ပြောပါတယ်။

ထိုင်းအစိုးရ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ထိုင်နိုင်ငံတဝန်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၂ ဒသမ ၃ သန်းနီးပါး ရှိပါတယ်။

အဲဒီထဲမှာ မြန်မာ MoU လုပ်သား ၂၆၈,၇၃၃ ယောက်၊ အသွားအပြန် အလုပ်လာလုပ်တဲ့ ရာသီအလိုက် လုပ်သား ၇,၄၆၈ ယောက်၊ ၂၀၂၃ ဖေဖော်ဝါရီ ထိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ အလုပ်လုပ်ခွင့်ရှိတဲ့ အလုပ်သမား ၁၃ သိန်းကျော်၊ ၂၀၂၃ အောက်တိုဘာမှာ ခွင့်ပြုခဲ့တဲ့ အလုပ်သမား ၆ သိန်း ၇ သောင်းကျော်၊ စုစုပေါင်း ၂ ဒသမ ၃ သန်း ရှိနေတာ ဖြစ်ပါတယ်။

မကောက်ခံထားတဲ့ စာရင်းတွေအရ ဆိုရင်တော့ ထိုင်းနိုင်ငံ၊ ခရိုင် ၇၇ ခုက နေရာအနှံ့မှာ ရောက်ရှိနေကြတဲ့ မြန်မာအရေအတွက် ၆ ဒသမ ၈ သန်းကျော်၊ ၇ သန်းနီးပါးအထိ ရှိနေတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာကတော့ ၂၀၂၄ ခုနှစ် နှစ်စကနေ နိုဝင်ဘာလအထိ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့် လုပ်သား ၁၈၀,၀၀၀ ကျော်အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးပြီး ဖြစ်ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013