
ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဆိုလာစီမံကိန်းဖြစ်တဲ့ ဟွာနန်နာဂူ အလင်းမှ လျှပ်စစ်ပြောင်း ဓာတ်အားပေးစခန်း ပထမဆင့်ကို ယူနန်ပြည်နယ်ဓာတ်အားလိုင်းနဲ့ စတင်ချိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ယူနန်ပြည်နယ် အနောက်တောင်ဘက် တိကျန်း တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမှာရှိတဲ့ ဒီ ဆိုလာစီမံကိန်းကို ရေမျက်နှာပြင်ကနေ မီတာ ၄,၈၀၀ ကနေ ၅,၃၀၀ အထိမြင့်မားတဲ့ ကုန်းမြင့်ကြီးတွေမှာ တပ်ဆင်တာဖြစ်ပါတယ်။
ပထမအဆင့်မှာ နှစ်ဖက်လှည့်ဆိုလာချပ်ပေါင်း ၂ သိန်းဝန်းကျင်ပါဝင်တဲ့ အလင်းက လျှပ်စစ်ပြောင်းဇုန် ၃၂ ခု တပ်ဆင်တာ ဖြစ်ပါတယ်။
ပြီးစီးပြီဆိုရင် ပထမအဆင့်မှာတင် တနှစ်ကို ကီလိုဝပ် ၁၅၈ သန်း ထုတ်လုပ်နိုင်မှာဖြစ်ပြီး အိမ် ၅၂,၀၀၀ အတွက် တနှစ်စာ ဓာတ်အားဖူလုံမှာ ဖြစ်ပါတယ်။
ဒီသန့်ရှင်းစွမ်းအင်စီမံကိန်းကြောင့် တနှစ်ကို ကျောက်မီးသွေးတန်ချိန် ၄၀,၀၀၀ ကျော် သက်သာစေမှာဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထွက်ရှိမှု ၁၂၄,၀၀၀ တန် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Source : Reuters











