
The Economist မဂ္ဂဇင်းမှာ နှစ်ကုန်ခါနီးရင် ‘ရှေ့နှစ် ဘာတွေဖြစ်လာနိုင်သလဲ’ ဆိုတာ ဆောင်းပါး ဖော်ပြလေ့ရှိတယ်။ တခြားသုံးသပ်ချက်တွေနဲ့ အကျယ်တဝင့်။ ဒီနှစ်အရေးမှာတော့ အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်ပ်နဲ့ ရိုက်ခတ်မှုတွေကို ထူးထူးခြားခြား တွေ့ရတယ်။ ကျနော်ကတော့ ဖတ်ရသမျှ ဆက်တိုက် ဘာသာပြန်ပေးခဲ့တာ ၃-၄ နှစ်ရှိပြီ။ ဒီနှစ်အတွက်တော့ ဘာသာပြန်တာ နည်းနည်းနောက်ကျနေတယ်။ [The Economist. (November 18, 2024). Tom Standage’s ten trends to watch in 2025]
၂၀၂၅ ခုနှစ်ကို ကုလသမဂ္ဂက ကွမ်တန်သိပ္ပံပညာနှစ်အဖြစ် အထူးသတ်မှတ်ထားရှိတယ်။ အဲဒီအဖွင့်မှာပဲ ပညာရှင်တွေ သုံးနှုန်းလေ့ရှိတဲ့ ရှရိုဒင်ဂါရဲ့ ကြောင် (Schrödinger’s cat) ဆိုတဲ့ အယူအဆနဲ့ ဖွင့်ထားတယ်။ ရှရိုဒင်ဂါ ဆိုတာကတော့ နိုဘယ်လ်ဆုရ အိုင်းရစ်နိုင်ငံသား- ဇာတိဩစတြီးယား သိပ္ပံပညာရှင် အာဝင် ရှရိုဒင်ဂါ (Erwin Schrödinger) ပဲ။ သူက ကွမ်တန်သိပ္ပံမှာ အခြေခံကျတဲ့ရလဒ်တွေ ဖော်ထုတ်ခဲ့တယ်။ ရှရိုဒင်ဂါရဲ့ ကြောင် (Schrödinger’s cat) ဆိုတာကတော့ မှန်းဆပြောဆိုချက်ပါ။ အကယ်၍ ကြောင်တကောင်ကို ရေဒီယိုဓာတ်ကြွတဲ့ သေတ္တာတခုထဲမှာ အတူထည့်ထားတယ် ဆိုပါစို့။ ဖွင့်လိုက်တဲ့အခါ ကြောင်ဟာ သေပြီး ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ကြောင်ဟာ အသက်ရှင်ပြီး ပြန်ထွက်လာနိုင်တယ်။ ဘာဖြစ်လို့ ခွေးမဟုတ်ဘဲ ကြောင်နဲ့ တင်စားတာလဲတော့ မပြောတတ်ဘူး။ မတူခြားနားတဲ့ အခြေအနေနှစ်ခု ပေါင်းစည်းနေတဲ့ အခြေအနေ (superposition) သီအိုရီကို ဆိုလိုတာပါ။ ၂၀၂၅ ခုနှစ်ဟာလည်း ဒီလိုပါပဲတဲ့။ အမေရိကန် ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်လာတဲ့ အခြေအနေကို စာရေးသူက ရည်ညွှန်းပုံရတယ်။ မဲပုံးတွေလည်း ဖွင့်လိုက်ရော အခုတော့ ကမ္ဘာကြီးက ၂၀၂၅ ရလဒ်ကို သိရပါပြီ။ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်ကို ပြန်လာခဲ့ပါပြီ။ မသေချာ မရေရာတဲ့ အခြေအနေကနေလည်း အခုတော့ ရလဒ်မြင်တွေ့ရပါပြီ။ ဒီနှစ်အတွက် ဖြစ်နိုင်တဲ့ လားရာ ၁၀-ခုကို ဒီလို ဆက်ဆွေးနွေးထားတယ်။
၁။ အမေရိကရဲ့ ရွေးချယ်မှု
ထရမ့်ပ်ရဲ့ တောင်ပြိုကမ်းပြို အောင်ပွဲခံမှုက ရိုက်ခတ်မှုတွေ ရှိနေတယ်။ လူဝင်မှုကြီးကြပ်ရေးကနေ ကာကွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေအထိ သက်ရောက်မှာပဲ။ သူ့ရဲ့ “အမေရိကန် ပထမဦးစားပေး” (America First) မူဝါဒကို မိတ်ဆွေတွေရော၊ ရန်သူတွေကပါ မဟာမိတ်တွေအတွက် ဘယ်လောက်ခိုင်မာနိုင်မလဲဆိုတာ မေးခွန်းထုတ်နေကြတယ်။ ဒီအခြေအနေက ပထဝီနိုင်ငံရေး ပြန်လည်ချိန်ညှိမှုတွေ ဖြစ်လာနိုင်တယ်။ တင်းမာမှုတွေ မြင့်စေနိုင်တယ်။ နောက်ဆုံး အဏုမြူလက်နက် ပြန့်ပွားမှုတွေတောင် ဖြစ်စေနိုင်တယ်။
၂။ မဲဆန္ဒရှင်တွေက အပြောင်းအလဲတွေကို မျှော်လင့်ထားကြတယ်။
ယေဘုယျသဘော ဆိုရရင်တော့ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အာဏာရ လူဟောင်းတွေက မျှော်လင့်မထားဘဲ အရေးနိမ့်ရတယ်။ အချို့က ထွက်သွားရတယ် (အမေရိကန်နဲ့ ဗြိတိန်) တချို့က မဖွဲ့ချင်ဘဲ အတင်းအကျပ် ညွန့်ပေါင်းဖွဲ့ကြရတယ် (အိန္ဒိယနဲ့ တောင်အာဖရိက)။ တချို့ကျတော့ မျှဝေပြီး ပူးတွဲနေထိုင်ဖို့ ဖြစ်လာစေတယ် (ဥပမာ- ထိုင်ဝမ်၊ ပြင်သစ်)။ အဲသည်လိုပဲ ၂၀၂၅ ခုနှစ်က မျှော်လင့်ချက်တွေထားနိုင်တဲ့ နှစ်သစ် ဖြစ်လာတယ်။ ခေါင်းဆောင်သစ်တွေကရော သူတို့ကတိထားရှိသလို စွမ်းဆောင်ပေးနိုင်ကြပါမလား။ နှိမ့်ချတဲ့ ခေါင်းဆောင်တွေက အပြောင်းအလဲတွေ ဆောင်ကြဉ်းနိုင်မှာလား။ မဟုတ်ခဲ့ရင်တော့ မငြိမ်မသက်မှုတွေ ပေါ်ပေါက်လာမယ်။
၃။ အကျယ်အပြန့်သော ဖရိုဖရဲဖြစ်မှု (Broader disorder)
မစ္စတာထရမ့်ပ်က ယူကရိန်းကို ရုရှားနဲ့ ညှိလိုက်ဖို့ တိုက်တွန်းနေတယ်။ အစ္စရေးကိုတော့ ဂါဇာနဲ့ လက်ဘနွန် ပဋိပက္ခတွေမှာ စိက်ကြိုက်လက်လွှတ်ထားပေးသလို ရှိတယ်။ အမေရိကန်ရဲ့ ‘အပေးအယူဆန်ဆန်’ ရပ်တည်ချက်နဲ့ နိုင်ငံခြားရေး အရှုပ်အရှင်းကိစ္စတွေမှာ ဝင်ပါဖို့ သံသယကြီးနေတာကြောင့် ပြဿနာရှာနေတဲ့ တရုတ်၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့က မငြိမ်မသက်မှုတွေ ပိုဖန်တီးနိုင်တယ်။ (အရှုပ်လုပ်မယ့် ညီနောင်လေးဖော် the “quartet of chaos” လို့ ဆိုနိုင်တယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိုလို့ လက်ပါကြားဝင်လာမယ်။ ဥပမာ အကျပ်အတည်း ဆိုက်နေရတဲ့ ဆူဒန်အရေးမျိုးမှာပေါ့။ ဒါပေမဲ့ ထိုင်ဝမ်ပဋိပက္ခနဲ့ ပတ်သက်လာရင်၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လာရင် အမေရိကန်က ရပ်တည်ပေးမှာလား၊ မသေချာဘူး။
၄။ အခွန်အတုတ်မြင့်မယ့် အလားအလာ (Tarifying prospects)
Terrify (ကြောက်မက်ဖွယ်) ဆိုတဲ့ စကားလုံးအစား သွင်းကုန်ခွန် (Tariff) ကို စာလုံးနည်းနည်းပြောင်းပြီး ရှေ့အလားအလာကို ဖော်ပြထားတယ်။ အခုအခါမှာတော့ အမေရိကန်နဲ့ ပြိုင်ဘက်ဖြစ်နေတဲ့ တရုတ်အနေအထားက ကုန်သွယ်ရေးစစ်ပွဲလို့ ဆိုလာနေကြတယ်။ ထရမ့်ပ်က ကန့်သတ်မှုတွေနဲ့ သွင်းကုန်ခွန်တွေ တိုးချဲ့လာရင်၊ အမေရိကန် မဟာမိတ်နိုင်ငံတွေကိုပါ သွင်းကုန်ခွန် တိုးကောက်လာရင် ပိုဆိုးမယ်။ မိမိအကျိုးစီးပွား ကာကွယ်ရေးဝါဒ (protectionism) ပိုပြင်းထန်လာရင် တရုတ်ကုမ္ပဏီတွေက အပြင်ကို ဖြန့်ထွက်သွားမယ်။ ကုန်သွယ်မှု အဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့ ဖြစ်သလို တောင်ကမ္ဘာခြမ်းက ဈေးကွက်သစ်တွေ ရှာဖွေဖို့လည်း ဖြစ်နိုင်တယ်။ တရုတ်နဲ့ခွာဖို့ (decoupling) မက္ကဆီကို၊ ဟန်ဂေရီမှာ စက်ရုံတွေ ပိုဆောက်တာ ဖြစ်လာမယ်။ တခြားအစီအစဉ်တွေလည်း ဖြစ်နိုင်တယ်။
၅။ သန့်စင်သော နည်းပညာ ထွန်းကားမယ်။ (Clean-tech boom)
တရုတ်အစိုးရက နေစွမ်းအင်သုံး လောင်စာပြားတွေ၊ ဘက်ထရီတွေ၊ လျှပ်စစ်ကားတွေ ပြည်ပတင်ပို့မှု တိုးချဲ့ဖို့ အားပေးနေတယ်။ ဒါမှပဲ ပြည်တွင်းစီးပွားရေး အေးနေတာ၊ အားပျော့နေတာ ကျော်လွှားနိုင်မယ်။ ရလဒ်အနေနဲ့ တရုတ်ဦးဆောင်တဲ့ သန့်စင်သောနည်းပညာ (clean-tech boom) ထွန်းကားလာမယ်။ ဆိုလာပြားတွေ ပိုသုံးပြီး လျှပ်စစ်ဓာတ်အား လိုအပ်နေတာတွေ ဖြည့်ဆည်းနိုင်မယ်။ ကမ္ဘာကြီးကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဘယ်အချိန် အမြင့်ဆုံး ဖြစ်နေမယ်ဆိုတာ မကြာခင် လေ့လာတွေ့ရှိကြမယ်။
မျှော်ကြည့်ရမယ့် ၂၀၂၅ ခုနှစ်အတွက် လားရာ ၁၀-ခု (ဒုတိယပိုင်း)
၆။ ငွေကြေးဖောင်းပွမှု နောက်ပိုင်းကာလ (After inflation)
ချမ်းသာတဲ့ ကမ္ဘာရဲ့ ဗဟိုဘဏ် တာဝန်ခံတွေကတော့ ငွေကြေးဖောင်းပွမှုကို အောင်မြင်ခဲ့ပြီဆိုပြီး ပွဲခံနေကြတယ်။ အခုအခါ အနောက်တိုင်းစီးပွားရေးစနစ်တွေအတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေရတယ်။ ဘတ်ဂျက်လိုငွေပြမှု လျှော့ချရေး၊ အခွန်တိုးမြှင့်ကောက်ခံရေးနဲ့ အသုံးစရိတ် ဖြတ်တောက်ရေး ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးမှုရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာတွေ စဉ်းစားနေရတယ်။ နိုင်ငံအများက ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်ကြဖွယ် ရှိနေတယ်။ စီးပွားရေးအရ နာကျင်ဖွယ် ရွေးချယ်ရမှုတွေက ပြည့်နှက်နေတယ်။ အမေရိကတိုက်မှာတော့ မစ္စတာထရမ့်ပ်ရဲ့ မူဝါဒတွေက အခြေအနေတွေကို ပိုဆိုးစေတယ်။ ကြီးလေးတဲ့ သွင်းကုန်ခွန်တွေကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်တယ်။ ငွေကြေးဖောင်းပွမှုလည်း ပြန်လို့ တက်လာနိုင်တယ်။
၇။ သက်ကြီးတို့အတွက် ပုစ္ဆာ (Age-old questions)
အမေရိကန်အတွက် ပြောရရင် အသက်အကြီးဆုံး ရွေးချယ်ခံ သမ္မတလောင်းကို ရနေခဲ့ပြီ။ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း သူတို့လူဦးရေနဲ့အတူ အသက်တွေ ကြီးရင့်လာကြပြီ။ နိုင်ငံရေး ခေါင်းဆောင်တွေအတွက် အသက်ကန့်သတ်မှုရှိရင် ကောင်းမယ်ဆိုတာ ဆိုလို့ ပြောဆို ဆွေးနွေးလာကြတယ်။ ဒီအချိန်မှာ တရုတ်မှာတော့ အသက်ကြီးရင့်လာတဲ့ လူဦးရေအတွက် စီးပွားရေး အခွင့်အလမ်း ဘယ်လိုဖန်တီးနိုင်မလဲ စဉ်းစားနေကြတယ်။ နှိုင်းယှဉ်ချက်အရ အရှေ့အလယ်ပိုင်းမှာတော့ လူငယ်အင်အားစုတွေ ပေါက်ကွဲထွက်ပေါ်နေတယ်။ ဒါပေမဲ့ အလုပ်အကိုင်က နည်းလွန်းနေတယ်။ မတည်ငြိမ်မှုနဲ့ စွန့်စားရမှုတွေလည်း ရှိနေတယ်။
၈။ အေအိုင်အတွက် ဒေတာတွေ အလျှင်အမြန် စုဆောင်းနေကြတဲ့အချိန် (Crunch time for AI)
ဘိဇနက် စီးပွားရေးသမိုင်းမှာတော့ အတော့်ကို ကြီးမားတဲ့ စွန့်စားမှု လောင်းကစားကြီးလိုပါပဲ။ အသိဉာဏ်တု (AI) အတွက် ဒေတာစင်တာတွေမှာ ဒေါ်လာ ၁ ထရီလီယံ ($1trn) ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုသာ ပြုထားတယ်၊ ဒါပေမဲ့ ကုမ္ပဏီတွေက ဘယ်လိုသုံးရမှန်း မသိသေးပါဘူး။ လက်ခံ အသုံးချနိုင်မှုနှုန်းက နိမ့်နေပါသေးတယ်။ (ဒါပေမဲ့ လုပ်သားအများကတော့ လျှို့ဝှက်သုံးနေကြပါပြီ)။ ဒါဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဆိုးကြမှာလား။ ဒါမှမဟုတ် တန်ဖိုးရှိကြောင်း ဘယ်လိုပြသကြမှာလဲ။ “သူ့ဘာသာ အလိုလျောက် စုဖွဲ့မှုစနစ်” (agentic system) စနစ်တွေ ပိုလို့စွမ်းဆောင်လာနိုင်မှာလား။ ဒါမှမဟုတ် AI က ဆေးဝါးအသစ်တွေ တီထွင် ထုတ်လုပ်လာနိုင်မှာလား။
၉။ ခရီးသွားလာ ပြဿနာများ (Travel troubles)
ကုန်ပစ္စည်းတို့သာမက လူတို့ရဲ့ ကမ္ဘာတဝန်း ရွေ့လျားနေမှုတွေက အခုအခါမှာ ပွတ်တိုက်မှု ပိုများလာတယ်လို့ ဆိုပါတယ်။ ပဋိပက္ခတွေကြောင့် ကမ္ဘာတဝန်း လေကြောင်းခရီးတွေမှာ ရုတ်ချည်းပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဥရောပတိုက်မှာ နယ်စပ်စစ်ဆေးရေးဂိတ် အသစ်တွေ ထပ်ဖြည့်နေရပါတယ်။ ဥရောပရဲ့ နယ်စည်းမခြား ရှင်ဂန်း ဗီဇာစနစ် (Schengen system) ပြိုကျတော့မယောင် ဖြစ်နေပါတယ်။ “ခရီးသွားလာမှု အလွန်အကျွံ” ဖြစ်တာကြောင့် ဆိုးကျိုးသက်ရောက်မှုတွေက ၂၀၂၅ ခုနှစ်မှာ လျော့နည်းလာပါလိမ့်မယ်။ အမ်စတာဒန်ကနေ ဗင်းနစ်အထိ မြို့ကြီးအများမှာ တင်းကျပ်ကန့်သတ်မှုတွေက ဆက်ပြီး ရှိနေပါလိမ့်မယ်။
၁၀။ အံ့ဩစရာတွေ ပြည့်နေတဲ့ ဘဝ (Life of surprises)
လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ စကားပြောစက် (walkie-talkies) ပေါက်ကွဲမှုတွေနဲ့ (လက်ဘနွန် ဟစ်ဇ်ဘိုလာတွေမှာ ဖြစ်ခဲ့တယ်) အတူ ဒုံးပျံကို တူလို လက်တံကြီး ၂-ခုနဲ့ ဖမ်းပြတာတွေ မြင်ခဲ့ရတယ်။ ၂၀၂၄ ခုနှစ်မှာ မြင်ရတဲ့ သင်ခန်းစာတွေက မျှော်လင့်မထားလောက်အောင်ပါပဲ။ ၂၀၂၅ ခုနှစ်မှာလည်း မဖြစ်နိုင်ဘူး ယူဆထားတာတွေ မြင်တွေ့ကြရဦးမှာလား။ ကျနော်တို့ရဲ့ “အရိုင်းကတ်” (Wild cards) ကဏ္ဍမှာ စောင့်ကြည့်ရမယ့်ကိစ္စတွေကို ဖော်ပြထားတယ်။ အဲဒီမှာ ပျက်စီးနိုင်စွမ်းကြီးတဲ့ နေမီးလျှံမုန်တိုင်း (devastating solar storm)၊ ရှေးဟောင်းစာသားများ ရှာဖွေတွေ့ရှိမှု the discovery of lost ancient texts၊ နောက်ထပ် ကူးစက်ကပ်ဘေး ထပ်ဖြစ်ဦးမှာလား ဆိုတာတွေ ဖော်ပြထားတယ်။
အောင်သူငြိမ်း