DVB Logo
Home
Lead Story
ကမ္ဘောဒီးယားပုံပြင်
DVB
·
August 26, 2024
ကမ္ဘောဒီးယားပုံပြင်
Donate to DVB

ဘန်ကောက်ပို့စ် သတင်းစာမှာ ဝါရင့်အယ်ဒီတာ ကာဝီ (Kavi Chongkittavorn) က ကမ္ဘောဒီးယားအကြောင်း ဆောင်းပါးတပုဒ် ရေးထားတယ်။ ခေါင်းစဉ်ကတော့ “ကမ္ဘောဒီးယားက ကြွက်သားညှစ်နေပြီ” - သူ့အင်အားကို ပြနေပြီလို့ ဆိုရမယ်။ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့ဆို ကျနော်တို့က ကမ္ဘောဒီးယားကို အထင်သေးနေကြတုန်း။ တို့မြန်မာတွေကတော့ သူတို့ထက် သာတယ်ဆိုတာမျိုး စဉ်းစားနေကြတုန်း။

ကျနော်တို့ ၁၉၈၈ စစ်အာဏာသိမ်းပြီးတော့ နယ်စပ်ကို ထွက်ခဲ့ကြတယ်။ အဲဒီအချိန်က ထိုင်းမှာ ဒုက္ခသည်မျက်နှာစာ ၂ ခု ရင်ဆိုင်နေရတယ်။ တခုက မြန်မာပြည်ဘက်က စစ်ပြေးဒုက္ခသည်တွေ၊ တဖက်မှာတော့ ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးမရသေးလို့ ကမ္ဘောဒီးယား ဒုက္ခသည်စခန်းတွေ ရှိနေသေးတယ်။ ဒါပေမဲ့ သူတို့ဆီမှာ စစ်ပွဲကြီး နိဂုံးချုပ်ဖို့ အကြောင်းတွေ ဖြစ်လာနေပြီ။

ကမ္ဘောဒီးယားက လူသတ်ကွင်းပြင် (Killing field) လို့ နာမည်ကြီးတယ်။ အာဏာရှင် ပိုပေါ့ လက်ထက်မှာ သုညခုနှစ် (Year Zero) စီမံကိန်းနဲ့ လူတွေကို တောပို့ပစ်၊ လယ်ကွင်းထဲ ပို့ပစ်၊ ပညာတတ်တွေဆို သတ်နဲ့ လူ ၂ သန်းလောက် သေဆုံးခဲ့ရတယ်။ နောက်တော့ ဆိုဗီယက် ကျောထောက်နောက်ခံ အုပ်စု၊ ဗီယက်နမ် ကျောထောက်နောက်ခံနဲ့ တအုပ်၊ အနောက်နိုင်ငံနဲ့ တရုတ် ကျောထောက်နောက်ခံနဲ့တအုပ် ပြည်တွင်းစစ် ဆင်နွှဲနေလိုက်ကြတာ လုံးဝ နိုင်ငံပျက်လုလု။

နောက်တော့ ပြင်သစ်မှာ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေက ငြိမ်းချမ်းရေး ဆွေးနွေးကြတယ်။ ၁၉၉၁ ခုနှစ် ပဲရစ် ငြိမ်းချမ်းရေး သဘောတူညီချက် (1991 Paris Peace Accords) ဖြစ်လာတယ်။ ၁၉၈၈ အပြီး ၃-နှစ်ကြာမှ ငြိမ်းချမ်းရေး သဘောတူညီချက် ရတာ။ နောက်တော့ ကုလသမဂ္ဂက ကြားဖြတ်အာဏာပိုင်အဖွဲ့နဲ့ ကာလတခု ဝင်အုပ်ချုပ်မယ်။ ကုလ ဦးဆောင်တဲ့ ရွေးကောက်ပွဲ စီစဉ်ပေးမယ်။ United Nations Transitional Authority in Cambodia (UNTAC) ဆိုပြီး ပေါ်ထွန်းလာတယ်။ ကုလသမဂ္ဂတပ်တွေနဲ့ ၁၉၉၂-၉၃ မှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေး United Nations peacekeeping operation တွေ လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဒေါက်တာသန့်မြင့်ဦးက ကုလ ကြားဖြတ်အာဏာပိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတာဝန် ယူခဲ့သေးတယ်။ ကမ္ဘောဒီးယားစစ်ပွဲတွေ ပြီးသွားတော့ သူတို့ဆီက စစ်လက်နက် အကြွင်းအကျန်တွေက ထိုင်း-မြန်မာနယ်စပ် တိုက်ပွဲတွေဆီကို မှောင်ခိုလမ်းကြောင်းက ရောက်လာခဲ့တယ်။

အခု ကာဝီ (Kavi) ရေးတဲ့ ဆောင်းပါးမှာ ကမ္ဘောဒီးယားက အင်အားပြနေပြီဆိုတာက ကမ္ဘောဒီးယားက တူးမြောင်းကြီးတခုကို တည်ဆောက်ဖို့ ပြင်နေတယ်။ “ဖူနန်တဲ့ချို တူးမြောင်း” (Funan Techo Canal) ဖြစ်ပြီး ဒီစီမံချက်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကုန်ကျမယ်။ အခုတူးမြောင်းက ၁၈၀ ကီလိုမီတာ ရှည်လျားပြီး မီတာ ၁၀၀ ကျယ်မယ်၊ အနက် ၅ ဒသမ ၄ မီတာ ရှိမယ်။ ဖနွမ်းပင်ဆိပ်ကမ်းနဲ့ ထိုင်းပင်လယ်ကွေ့ကို ဆက်သွယ်ပေးမယ်။ ကမ္ဘောဒီးယားက ဗီယက်နမ်ဆိပ်ကိမ်းကို မှီခိုနေရတဲ့ကိစ္စတွေ မရှိတော့ဘူး။ တရုတ်က ခါးပတ်တကွင်း၊ လမ်းတစင်း အစီအစဉ် (BRI) ကနေ ငွေကြေးထောက်ပံ့မယ်၊ BOT ဆောက်လုပ်- လည်ပတ်- နောက်တော့ လွှဲပြောင်း အစီအစဉ်နဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုတယ်။

ကာဝီ ဆောင်းပါးမှာ ရေးတာကတော့ ဒီအချက်ဟာ ကမ္ဘောဒီးယားအနေနဲ့ သူ့ကိုယ်သူ ယုံကြည်မှုရှိနေတာကို ပြသနေတာ၊ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကိစ္စအတွက် ရဲရဲတင်းတင်း လှုပ်ရှားလာတာလို့ ဆိုပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေတုန်းကတော့ ကမ္ဘောဒီးယားက ပဋိပက္ခ စစ်ပွဲတွင်းနက်ထဲမှာ၊ အခုတော့ ပြာပုံထဲက တက်လာခဲ့ပြီ။ အခုတော့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်တွေနဲ့ အလယ်အလတ်တန်းစား ဝင်ငွေရှိတဲ့ နိုင်ငံတခု ဖြစ်လာနေပြီ၊ နည်းပညာ ဖွံ့ဖြိုးမှုတွေကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။

အခု တူးမြောင်းဖောက်တာကို ဗီယက်နမ်နိုင်ငံကတော့ သဘာဝပတ်ဝန်းကျင်အကြောင်းနဲ့ စိုးရိမ်မှု ဖော်ပြပါတယ်။ ဒါပေမဲ့ ဗီယက်နမ်နိုင်ငံရဲ့ လေယူရာတိမ်း ဝါးရုံပင် သံတမန်ရေးမှာ ကမ္ဘောဒီးယားက အချက်အချာနေရာက ရှိပါတယ်။ သူတို့ ဆက်ဆံရေးကောင်းပါတယ်။ အခု တူးမြောင်းနဲ့ပတ်သက်လို့ မဲခေါင်မြစ် အကြေဘက်က မြန်မာ၊ လာအို၊ ထိုင်းတို့က ကန့်ကွက် ပြောဆိုတာတွေ မကြားကြရသေးပါဘူး။

တချိန်တုန်းကတော့ ကျနော်တို့မိတ်ဆွေတွေ ကမ္ဘောဒီးယား ပြဿနာတွေ ရှိတဲ့အချိန် ရောက်ခဲ့ကြဖူးတယ်။ သူတို့အတွေ့အကြုံတွေ ပြန်ပြောပြတာလည်း ကြားရတယ်။ ကမ္ဘောဒီးယား ခရိုနီတယောက်က လေကြောင်းလိုင်းကို မကျေနပ်လို့ လေယာဉ်ဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်လိုက်တာ တွေ့ဖူးကြောင်း ပြောပြတယ်။ ၁၉၉၀ လောက်က ခေတ်ပြောင်းစ ကမ္ဘောဒီးယားမှာ ပန်းချီဆရာတောင် ကောင်းကောင်းမရှိလို့ ရုပ်ရှင်ပိုစတာတွေက ဖြစ်ကတတ်ဆန်း ဆွဲထားကြတာ တွေ့ဖူးကြောင်း ပြောပြတယ်။ ၁၉၉၇ ခုနှစ်မှာ နိုင်ငံရေးပြဿနာတွေတက်ပြီး ဟွန်ဆန်က အတူဝန်ကြီးချုပ် ရာနာရစ်ကို ဖြုတ်ချပြီး အာဏာသိမ်းသလို ဖြစ်တယ်။ အဲဒီနောက် အတိုက်အခံတွေကို တဦးပြီးတဦး အိမ်မီးတင်ရှို့ ဖိနှိပ်နေတဲ့ကာလ မျက်မြင်ကြုံဖူးသူ ပြောပြတာလည်း ကြားဖူးတယ်။

နောက်ပိုင်းတော့ ၁၉၉၈ ကနေ ၂၀၂၃ ခုနှစ်အကြား ရွေးကောက်ပွဲတွေ အကြိမ်ကြိမ်လုပ်တိုင်း မမျှတဘူး၊ အတိုက်အခံတွေကို ဖိနှိပ်ထားတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သူ့ဆီက တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်နိုင်ငံတွေက ဝေဖန် ပြစ်တင်ကြတယ်။ ဒါပေမဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဟွန်ဆန်က ၁၉၈၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ၃၈ နှစ်ကြာ သက်တော်ရှည်ဝန်ကြီးချုပ် လုပ်နေခဲ့တယ်။ ခုထိလည်း ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဩဇာကြီးနေတုန်းပဲ။ ဝန်ကြီးချုပ် ဖြစ်နေသူက သူ့သား ဟွန်မနက်။ ဟွန်ဆန်က သားဖြစ်သူ ဝန်ကြီးချုပ်ကို ညွှန်ကြားနေဆဲလို့ ယူဆနိုင်ပေမဲ့ သူ့သားက ဝက်စ်ပွိုင့် (West Point) တက္ကသိုလ်ဆင်း၊ အင်အားကြီးနိုင်ငံတွေကြား ပါးပါနပ်နပ် ဆက်ဆံနိုင်မယ်လို့ ယူဆရတယ်။ ကမ္ဘောဒီးယားဟာ အဂတိလိုက်စားမှုတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြားထဲမှာပဲ စီးပွားရေး ဖွံ့ဖြိုးနေခဲ့တယ်။ တလောက အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် (Lloyd Austin) က ကမ္ဘောဒီးယား ရောက်လာခဲ့တယ်။ လူ့အခွင့်အရေး ဝေဖန်ချက်တွေနဲ့ ပစ်ထားပြီးတဲ့နောက် ကမ္ဘောဒီးယားနဲ့ ဆက်ဆံရေး ပြန်စတာ အချိုးအကွေ့တခုပါပဲ။

ခုတော့ ကမ္ဘောဒီးယားက သူ့ကြွက်သားတွေကို ညှစ်ပြနေပါပြီ။ အခု တူးမြောင်း ဖောက်လုပ်ရေးကလည်း ဝန်ကြီးချုပ်သစ် ဟွန်မနက် (Hun Manet) ရဲ့ ခေါင်းဆောင်မှုကို ပြသမယ့် စိန်ခေါ်ပွဲပါ။ ဒီစီမံချက်ရဲ့ အောင်မြင်မှု-ကျရှုံးမှုက ကမ္ဘောဒီးယား အနေနဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးနိုင်မှုကို ပြဋ္ဌာန်းပေးပါလိမ့်မယ်။ လာမယ့်နှစ်တွေ၊ ဆယ်စုနှစ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြဋ္ဌာန်းပေးပါလိမ့်မယ်။

သတင်းတွေအရ ဝါရင့် ဟွန်ဆန်က မြန်မာ့အရေးကို ကြားဝင်ကူညီချင်တယ်၊ တချိန်က ပြာပုံဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားဟာလည်း နိုင်ငံတကာ အကူအညီနဲ့သာ အခုအခြေအနေ ငြိမ်းချမ်းထူထောင်လာနိုင်တယ် ဆိုတာကို မြန်မာစစ်ခေါင်းဆောင် နားချချင်နေခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ နားဝင်ပုံမရပါဘူး။ ခုတလောမှာတော့ မြန်မာ့အရေး တိုက်တွန်းစည်းရုံးနေသူ တချို့က ကမ္ဘောဒီးယားဖြစ်စဉ် (Cambodia scenario) ကို ပြောဆိုလာတာလည်း ကြားရတယ်။ တခါတုန်းက ပြာပုံဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားတောင် ပြန်ထူထောင်လာတာ၊ မြန်မာအတွက်လည်း မျှော်လင့်ချက် မကုန်ဆုံးသေးပါဘူး ဆိုချင်တာ။ ခုချိန်ထိ ‘အာဆီယံရဲ့ လူနာကြီး’ မြန်မာကတော့ အသည်းအသန်။

အောင်သူငြိမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013