DVB Logo
Home
Lead Story
အိမ်မပြန်နိုင်သေးသူတို့ရဲ့ ခရစ္စမတ်
DVB
·
December 25, 2024
အိမ်မပြန်နိုင်သေးသူတို့ရဲ့ ခရစ္စမတ်
Donate to DVB

“စစ်သာ မဖြစ်ဘူးဆိုရင် ဒီအချိန် လုံးဝပျော်မယ့်အချိန်ပဲ။ တအိမ်တက် တအိမ်ဆင်း သီချင်းဆိုလိုက်။ ကျနော်ဆို နယ်ဘက်နေတာ လွိုင်ကော်၊ ဒီးမော့ဆိုမြို့ပေါ်ဆိုလည်း ပျော်ဖို့ကောင်းပြီ။ လူငယ်စကားနဲ့ဆို ကဲမယ့်အချိန်ပေါ့။”

အသက် ၃၀ အရွယ် ရဲဘော်အီးဂဲလ်က အခုတော့ ကရင်နီ ရှေ့တန်းစစ်မြေပြင်တနေကို ရောက်နေတာပါ။ သူက အာဏာသိမ်းမှုနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်တဲ့ ကရင်နီဒေသက လူငယ်တွေထဲက တယောက်ဖြစ်ပြီး တောထဲရောက်နေတာ အခုဆိုရင် သုံးနှစ်ကျော်ခဲ့ပါပြီ။

ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တခုဖြစ်တဲ့ ခရစ္စမတ်အချိန်အခါဖြစ်ပေမဲ့ စစ်မီးမငြိမ်းတဲ့ ဒေသတွေမှာတော့ ပွဲတော်သံတွေ တိတ်ဆိတ်နေပါတယ်။

လတ်တလော စစ်ဘေးလွတ်တဲ့ဒေသတွေဟာလည်း ပွဲတော်လုပ်ရင် ရောက်လာမယ့် စစ်ကောင်စီတပ်ရဲ့ ဘေးရန်ကိုကြောက်လို့ အပြည့်အဝ မလုပ်နိုင်ကြတဲ့ အခြေအနေတွေ ဖြစ်နေကြပါတယ်။

ရဲဘော်အီးဂဲလ်ရှိတဲ့ ရှေ့တန်းစစ်မြေပြင်မှာလည်း ပွဲတော်ကလာတဲ့ သီချင်းသံတွေအစား သေနတ်သံတွေနဲ့ လေကြောင်းရန်ကို ကြောက်ရွံ့ရတဲ့ ပြည်သူတွေရဲ့ စိုးရိမ်သောကတွေပဲ ရှိနေပါတယ်။

“အခုနှစ်ကတော့ မိုးဗြဲတို့ ကုန်းသာတို့ဘက်မှာ နေ့စဉ်နေ့တိုင်း လက်နက်ကြီးတွေနဲ့ထုတော့ ကျနော်တို့က ဆုတောင်းတာတွေလည်းပဲ လုပ်ဖြစ်တယ်။ ရဲဘော်တွေနဲ့အတူ သီချင်းဆိုတာလောက်ပဲ လုပ်နိုင်တယ်။ အခုတော့ တော်လှန်ရေးနဲ့ စစ်ရေးဘက်ပဲ အားစိုက်တယ်။ ပျော်ရင်တောင် ရာနှုန်းပြည့် မပျော်ရတဲ့ခေတ်ပါ။ အချိန်တန်ရင် ပျော်ချင်တယ်။”

လက်ရှိ ချင်းပြည်နယ်မှာဆိုရင် ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက မြို့နယ်သုံးခုကို စစ်ကောင်စီလက်ထဲက အပြီးသတ် သိမ်းယူထားပါတယ်။

စစ်ရေးပြင်းထန်နေပြီး မြို့သိမ်းတိုက်ပွဲတွေဖြစ်ထားတဲ့ ချင်းပြည်နယ် ကန်ပက်လက်နဲ့ မတူပီမြို့နယ်က ရဲဘော်တွေကလည်း ဒီနေ့ ခရစ္စမတ်ကို ရှေ့တန်းမှာကင်းစောင့်ရင်း ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။

ရှေ့တန်းမှာ ကင်းစောင့်နေတဲ့ CDF မတူပီက ရဲဘော်ထျန်းနိုင်ကတော့ သူ့ရဲ့ ခရစ္စမတ် ဖြတ်သန်းမှုကို အခုလို ပြောပြပါတယ်။

“အာဏာသိမ်းပြီးကတည်းက ညမှာ မီးမထွန်းရဆိုတော့ စစ်ကောင်စီလေကြောင်းရန်ကြောက်လို့ ရွာမှာ ဖြစ်သလိုပဲ ဖြတ်သန်းရတယ်။ အခုနှစ် မတူပီမှာ စကစ မရှိတော့ဘူး။ မင်းတပ်နဲ့ ကန်ပက်လက်လည်း သိမ်းလိုက်ပြီဆိုပေမဲ့ လေယာဉ်ကလည်း ကောင်းကင်မှာလည်း ပျံနေတော့ စိုးတော့ စိုးရိမ်ရတာပေါ့လေ။”

ရဲဘော်ထျန်းနိုင်ကလည်း လက်နက်ကိုင်တော်လှန်ရေးထဲကို ရောက်တာ ၄ နှစ်နီးပါး ရှိနေပါပြီ။ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ပျော်စရာခရစ္စမတ်ကာလကို အမြန်ဆုံး ပြန်ရောက်မယ်လို့လည်း သူက ယုံကြည်နေပါတယ်။

အရင်က ခရစ္စမတ်ကာလတွေကို တမ်းတနေတာ မြေပြင်မှာရှိတဲ့ ရဲဘော်တွေချည်းပဲတော့ မဟုတ်ပါဘူး။ လေကြောင်းရန်တွေကြားက တနေရာပြီးတနေရာ ရွှေ့ပြောင်းစစ်ရှောင်နေရတဲ့ ကရင်နီဒေသက ဒေါ်တူးလည်း ပါပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးရန်တွေ အကြိမ်ကြိမ်ဖြတ်သန်းရင်း စစ်ရှောင်နေရဆဲဖြစ်လို့ စစ်ရှောင်စခန်းအတွင်းမှာ သူ့ရဲ့ ခရစ္စမတ်နေ့ရက်ဟာလည်း တိတ်ဆိတ်နေပါတယ်။

“ခုက စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဆိုတော့ ပျော်ပွဲရွှင်ပွဲအတွက် မစဉ်းစားနိုင်ပါဘူး။ အာဏာသိမ်းပြီးကတည်းက ကိုယ့်အိမ်လည်း ကိုယ်မနေရဘူး။ ကိုယ့်ဒေသမှာနေရတဲ့ အပျော်လေးတွေ ပြန်ရချင်တယ်’’ လို့ ဒေါ်တူးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီဒေသမှာလည်း စစ်ရှောင်သိန်းနဲ့ချီ ရှိနေပါတယ်။ စစ်ရှောင်စခန်းတချို့မှာတော့ ခရစ္စမတ်ပွဲကို အခက်အခဲတွေကြားပဲ ကျင်းပခဲ့ကြတယ်လို့ စစ်ဘေးရှောင် အကူအညီပေးသူတွေက ပြောပါတယ်။

ကရင်နီဒေသက စစ်ရှောင်တချို့ဟာ ကာလကြာရှည် စစ်ရှောင်နေရတာဖြစ်ပြီး စစ်တပ် လေကြောင်း တိုက်ခိုက်မှုတွေကြား အတည်တကျ စစ်မရှောင်ရဘဲ ပြောင်းရွှေ့နေရတာတွေလည်း ရှိနေပါတယ်။

အခုလို ဘာသာရေးပွဲတော်ရက်တွေနီးရင် စစ်တပ်ဘက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုလုပ်လေ့ရှိတာကြောင့် စစ်ရှောင်တွေဟာ ခါတိုင်းထက်ပိုပြီး စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

ကရင်နီပြည်နယ်က ဒေသတခုမှာလည်း ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် ကျရောက်တဲ့ ခရစ္စမတ်နေ့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် တောတောင်ထဲက ကျောက်ဂူတွေမှာ ကျင်းပလာတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့မြင်ရပါတယ်။

Karenni Hope ဆိုတဲ့ စစ်ရှောင်ကူညီပေးတဲ့အဖွဲ့ကတော့ သူတို့စခန်းမှာရှိတဲ့ စစ်ရှောင်တွေအတွက် တတ်နိုင်တဲ့ အနေအထားနဲ့ ခရစ္စမတ်ပွဲလေး လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

လူဦးရေ ၂၀၀ လောက်ရှိတဲ့ သူတို့စစ်ရှောင်စခန်းလေးမှာ စစ်ဘေးရှောင်ပြည်သူတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့ရတယ်လို့လည်း စခန်းတာဝန်ခံ ကိုလွမ်းက ပြောပါတယ်။

“ကလေးတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ ပျော်ရွှင်အောင် သွားအားပေးတာပါ။ စိတ်ဓာတ်တွေ မြှင့်ပေးတာပေါ့။ သူတို့အသက်အရွယ်အရ ဒီ ခရစ္စမတ်ဆိုရင် သူတို့ပျော်သင့်တယ်ပေါ့။ အားကစားပြိုင်ပွဲတွေ လုပ်ပေးတယ။ လွန်ဆွဲတာလေးတွေ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက် ဂိမ်းဆော့ပြီးတော့ ဆုငွေတွေလည်းပေးတယ်။ အာဟာရလည်းကျွေးတယ်။ မုန့်တွေလည်း ကျွေးတယ်” လို့ Karenni Hope မှ ကိုလွမ်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နေရာအနှံ့မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၃ ဒသမ ၂ သန်းကျော်ရှိပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ခရစ္စမတ်ဆိုတာ ငြိမ်းချမ်းမှု၊ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာတရားတို့နဲ့ ဖြတ်သန်းရတဲ့ ရက်မြတ်ဖြစ်ပါတယ်။

စစ်ကောင်စီကြောင့် ပြည်သူတွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုတွေနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွာဖြတ်သန်းနေရတာကို စိတ်ထိခိုက်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ခရစ္စမတ် ဆုတောင်းစကားမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

နှင်းပန်း ၊ သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013