DVB Logo
Home
မြန်မာသတင်း
ကုတုပါလောင် ဒုက္ခသည်စခန်း မီးလောင်ပြီး ၂ ဦး သေဆုံး၊ အိမ် ၅၀၀ ကျော်ပျက်စီး
DVB
·
December 25, 2024
ကုတုပါလောင် ဒုက္ခသည်စခန်း မီးလောင်ပြီး ၂ ဦး သေဆုံး၊ အိမ် ၅၀၀ ကျော်ပျက်စီး
Donate to DVB

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၂ ဦးသေဆုံးခဲ့သလို အိမ်ပေါင်း ၅၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မွန်းတည် ၁၂ နာရီကျော်လောက်မှာ Camp-1 ဘက်က စတင်မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်အတွင်းမှာ ၇ နှစ်အရွယ် ကလေးငယ်တယောက်နဲ့ သက်ကြီးပိုင်း အမျိုးသားတယောက် သေဆုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တယောက်က ပြောပါတယ်။

“မီးလောင်တာက နေ့လယ် ၁၂ နာရီလောက်မှာစပြီးလောင်တာ။ မီးကတော့ ပေါ့ဆမီးကြောင့် လောင်တာ။ အိမ်ခြေ ၅၀၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်။ နောက်ထပ်အိမ်တချို့ကိုလည်း မီးသတ်ဖို့ ဖျက်ဆီးလိုက်ရတာတွေရှိတယ်။ ထိခိုက်သေဆုံးမှုကတော့ မီးလောင်ပြီး ကလေးငယ်တဦးနဲ့ အမျိုးသားတဦးဆုံးသွားတယ်။ နောက်ထပ် လူ ၂၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်။ မနေ့က နေလယ် ၂ နာရီကျော်လောက်မှာ မီးအားလုံး ငြိမ်းနိုင်ခဲ့ကြတယ်။” 

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ ၈ ဖွဲ့အထိ ပူးပေါင်းပြီး ငြိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းနေဆဲဖြစ်တယ်လို့ Ukhiya Fire Service Unit အရာရှိဖြစ်သူ Shafiqul Islam က ဘင်္ဂလားဒေ့ရှ် သတင်းဌာန The Daily Star ကို ပြောပါတယ်။

မီးလောင်သွားတဲ့အထဲမှာ ဒုက္ခသည်တွေရဲ့ အိမ်တွေအပြင် ဗလီတွေလည်း ပါသွားတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ လူဦးရေ အလွန်ထူထပ်တာကြောင့် မီးလောင်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနဲ့ လက်ရှိ ရခိုင်တိုက်ပွဲတွေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ၁.၂ သန်းအထိ ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

Ref: The Daily Star

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013