
အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာ ပရာဒက်ရှ်ပြည်နယ်က မြစ်တခုထဲမှာ ဧပြီ ၃၀ ရက်က ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောတစင်း တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး တခြားသူတွေလည်း ပျောက်ဆုံးနေပါတယ်။
အခင်းဖြစ်ပွားချိန်မှာ အနည်းဆုံး လူ ၂၉ ယောက် သင်္ဘောပေါ်မှာ လိုက်ပါလာပြီး သူတို့ထဲက ၁၅ ယောက်ကို အပျော်စီးသင်္ဘောက ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း အစိုးရအရာရှိတယောက်က ပြောကြားခဲ့ပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ရာဂါဗင်ဒရာ ဆင်းဂ်က “အလောင်း ၄ လောင်းကိုလည်း ရှာဖွေတွေ့ရှိထားပြီး ရင်ခွဲစစ်ဆေးဖို့ ပို့ထားပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဖြစ်တဲ့ SDRF နဲ့ NDRF တို့ဟာ အခင်းဖြစ်တဲ့နေရာမှာ ရောက်နေကြပြီး နောက်ထပ် အသက်ရှင်ကျန်သူတွေကို ကယ်ထုတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်” လို့ ပြောပါတယ်။
မျက်မြင်သက်သေ ဆမ်ရတ်ရဲ့ ပြောပြချက်အရတော့ လေပြင်းတိုက်ခတ်မှုကြောင့် လှေတိမ်းမှောက်ပြီး မြစ်ကမ်းဘက်ကို လှိုင်းတွေက တွန်းပို့ခဲ့တယ်လို့ ပြောပါတယ်။
မျက်မြင်တွေ့သူက “တချို့က သင်္ဘောပေါ်ကနေ ခုန်ချကြပြီး တချို့ကျတော့လည်း သင်္ဘောမှောက်သွားတဲ့အခါ အပေါ်ကို တက်နေကြတယ်။ အသက်ရှင်တဲ့သူရှိသလို သေတဲ့သူလည်း ရှိပါတယ်။ အသက်ရှင်သူ ၁၅ ယောက်၊ ၁၆ ယောက်လောက်ကို ကယ်နိုင်ခဲ့သလို မြစ်ထဲကနေ အလောင်း ၅ လောင်း၊ ၆ လောင်းလောက်လည်း ဆယ်ယူရရှိခဲ့ပါတယ်” လို့ အခြေအနေကို ရှင်းပြပါတယ်။
လက်ရှိမှာတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မနေ့ ညပိုင်းအထိ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
Source: Reuters










