
သန့်ကေသာ
အောင်ပွဲနှစ်သစ်
အမှန်ဖြစ်မည်
တွက်စစ်မိသော အတွေးများ။ ။
ကျမတို့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ် မျက်နှာငယ် အရှက်ရနေစေတဲ့ စစ်အာဏာရှင်စနစ်ကို အသက်သွင်းနေကြသူတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေဟာ မကြာခင်မှာပဲ နိဂုံးချုပ်တော့မယ့် အခြေအနေကို တွေ့မြင်လာနေရပါတယ်။ တိုင်းရင်းသားပေါင်းစုံ လူငယ်ခြေတက် ခေါင်းဆောင်တွေဟာ ထင်မှတ်မထားနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပြည့်ဝလို့နေပါတယ်။ စိတ်တူသူ အပေါင်းဟာလည်း လူငယ်လူရွယ်တွေနဲ့အတူ ပေးဆပ်ရုံသက်သက် အဖြည့်ခံဘဝကို တကယ်ပဲ ရွေးချယ်ခဲ့ကြပြီး အောင်မြင်ခဲ့ကြလုပါပြီ။ နောင်တခေတ် မြန်မာပြည် တိုးတက်ဖွံ့ဖြိုး သာယာလှပလာတဲ့အခါ သူတို့ရဲ့ ပေးဆပ် အနစ်နာခံခဲ့မှုများအတွက် ဆိုင်ရာ တထောင့်တနေရာစီကနေ ကျေနပ်ဂုဏ်ယူစွာ ပြုံးပြုံးကြီး ကြည့်နေကြမှာပါ။ အနစ်နာခံခဲ့ကြသူအပေါင်းကို သောင်းသောင်းဖြဖြ လေးစား တန်ဖိုးထားကြမှာလည်း မလွဲနိုင်တဲ့ အမှန်တရားတခု ဖြစ်လာမှာ အသေအချာပါပဲ။
အခုလက်ရှိအနေအထားမှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေဟာ အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေကိုပါ ကြိတ်မှိတ် တောင့်ခံပြီး ကြိုးစားခဲ့ကြရတာ ဖြစ်ပါတယ်။ ကိုယ်ကျိုးနဲ့ အများအကျိုးကို အောင်မြင်စွာ ခွဲခြားရပ်တည်နိုင်ခဲ့ကြပုံ ပေါ်ပါတယ်။ အောင်မြင်မှုတွေ ရယူရာမှာ စည်းစနစ်ကျနပြီး သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ပြည့်ဝနေတာ ငြင်းမရတဲ့ အနေအထား ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ခိုင်မာပြီး သီးခြားရပ်တည်နိုင်တဲ့ စစ်တပ်ကြီး အဖွဲ့အစည်းကြီးကို တစစီ တစစီ ဖြိုဖျက်နေကြပုံတွေကလည်း အစက လက်ချည်းဗလာ စိတ်ချည်းသက်သက် စခဲ့ကြပါတယ်ဆိုရင် ကြုံဖူးမှ ယုံရတဲ့ တထောင့်တည ပုံပြင်တွေလိုပါပဲ။ ကျင့်ဝတ် စည်းကမ်းကို တတ်နိုင်သမျှ ထိန်းသိမ်းလုပ်ဆောင်နေကြတာဟာလည်း မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်လိုက်ကြပုံများကလည်း အာဏာရှင်တပုံကြီးခမျာ အောင့်သီးအောင့်သက်၊ မသေချင်လည်း ခံရခက်ကြီး ဆိုသလို ဖြစ်နေပုံရပါတယ်။ အပ်တချောင်း မပါ လက်ချည်းသာလာသော အပြစ်မဲ့ပြည်သူ လူငယ်လူရွယ်တွေကို အုံလိုက်ကျင်းလိုက်၊ စိတ်တူကိုယ်တူ၊ အလိုတူအလိုပါ ပျော်ပျော်ကြီး ပစ်ခတ် သတ်ဖြတ် ရက်စက်ယုတ်မာခဲ့သမျှ ဝဋ်ဆိုတာ နောင်ဘဝ မကူးသလို အင်တာနက် အားနည်းတဲ့ကြားကကို မမြင်ချင်အဆုံး အတုံးအရုံးပဲ ဖြစ်ပါတယ်။ ဘာပဲပြောပြော နွေဦးပြည်သူ့စစ်သားတွေ နိုင်ငံအဝန်း ဘက်စုံကြမ်းနေကြပြီ ဆိုတာကတော့ အားလုံး လက်ခံနေကြပြီဖြစ်တဲ့ အမှန်တရားတခုပဲ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ သွားလေသူ အာဇာနည်များရဲ့ ကျေးဇူးတရားကိုလည်း မေ့ထားလို့ သင့်တော်မယ် မထင်ပါဘူး။ လူမသိ၊ သူမသိ ဘဝပေးခဲ့ကြရတဲ့ အညတရ ရဲဘော်အပေါင်းကို လမ်းချော်မယ် ကြုံတိုင်း ကျမတို့ ထည့်တွက် စဉ်းစား အလေးဂရုပြုကြရပါမယ်။ သူတို့အတွက်ကိုပင် ကျမတို့တတွေဟာ လမ်းချော်ပြန်တည့် လမ်းမှန်ဘက်ပဲ ဖြစ်ကြရပါမယ်။ မောလို့နားပြီးတော့ ဆက်လျှောက်ကြတဲ့အခါ ကျမတို့တတွေဟာ မဖြစ်မနေ လမ်းမှန်ကြရပါမယ်။ မတော်အမှား၊ ကြုံကာသွားလည်း တို့များရဲဘော်တွေအတွက် ပြန်တည့်၊ လမ်းမှန်ပဲ လျှောက်ကြရပါမယ်။ ဒါမှသာ အောင်မြင်တဲ့တနေ့ လိပ်ပြာလှလို့ သိက္ခာရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့်အောင်မြင်မှုကိုပင် သူများပျော်လို့ မပျော်နိုင်ဖြစ်ပြီး အခွင့်ကြုံတိုင်း သိမ်ငယ်ကြရပါလိမ့်မယ်။ ရန်သူထက်ဆိုးတဲ့ လုပ်ရပ်တွေကို ကိုယ့်လူ ဆိုသူတွေက ကျူးလွန်ကြတဲ့အခါ သစ္စာဖောက်တို့ သွားရာလမ်းဟာ သာယာလှပရိုး ထုံးစံမရှိပါဘူး။
ပြည်မြန်မာ ဒီတခါ ပြန်လည်တည်ဆောက်တဲ့အခါ မှန်သောစေတနာသာ အရာထင်စေချင်ပါတယ်။ ကိုယ်ကျိုးမဖက်၊ များအတွက် အားတက်ရသူတွေ များပြားစေချင်လှပါတယ်။ ကိုယ့်ဖို့ ယူခိုး ဆိုးသူတွေ ဝေးကြစေချင်ပါတယ်။ ခိုးရင် ရှက်ဖို့ဆိုတဲ့ အတတ်ကိုလည်း သင်ပေးလိုက်ကြရပါမယ်။ ဝိုင်းဝန်း ကြိုးစား စည်းလုံးခြင်းသည်သာ အင်အားဖြစ်ကြစေချင်ပါတယ်။ လုံ့လကိုရင်း ခင်းသောလမ်းတိုင်း ပန်းတွေ ပြည့်စေချင်ပါတယ်။ ကောင်းသူများရင် ဆိုးသူ ရှဲသွားကြရစမြဲ ဖြစ်ပါတယ်။ မှန်တာအဟုတ် ကြံတာတွေ အလုပ်ဖြစ်ကြစေချင်ပါတယ်။
မှန်မှန်ကန်ကန်သာ ကြိုးစားခဲ့ကြမယ်ဆိုရင် ကမ္ဘာမှာ မြန်မာ မျက်နှာမငယ်ရတော့မယ့် အချိန်အခါကို ရောက်ကို ရောက်ရမှာပါ။ ကောင်းသူများပြီး တောင်းယူစရာမလို နေချင့်စဖွယ် တိုင်းပြည်လေး ဖြစ်လာရမှာပါ။ ပညာပန်းတွေ အစွမ်းကုန်လန်းတဲ့တနေ့ တွေ့သူတိုင်း ကျေနပ် လက်တကမ်းမှာ ကျမတို့ ပန်းတိုင်ရောက်ဖို့ နီးလာနေပါပြီ။ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့ တော်ဝင်မဟာ ရွှေမြန်မာရယ်လို့ ဘုန်းကံမြင့်မား သီလအားများတဲ့ ခေါင်းဆောင်တွေ ပေါ်လာစေချင်လှပါတယ်။ ကိုယ့်ပြည်သူကို ရင်ဝယ်သားသို့၊ မကောင်းမစေ၊ ကောင်းရာဝေတဲ့၊ မထိရက်မပြုရက် မြတ်နိုးကြည်ဖြူတဲ့ ပြည့်ရှင်ကို အင်မတန် မျှော်လင့်တောင့်တမိပါတယ်။ နိုင်ငံဝန်ထမ်း နိုင်ရာစွမ်းကြတဲ့အခါ တိုင်းပြည်အကျိုး မျက်နှာမညှိုးစေသူတွေ ဖြစ်ကြစေချင်ပါတယ်။ ဒီတခါ နှစ်သစ်မှာ အမှန်တကယ် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ဖို့ ညီတူ ခိုင်မြဲ တိုက်ပွဲဝင်ကာ အောင်ပွဲလျာကို ရယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။
သန့်ကေသာ (CDM ပညာရေးဝန်ထမ်း)











