
မင်းတပ်မြို့မှာ တခုတည်းကျန်နေတဲ့ စစ်ကောင်စီရဲ့ အမှတ်၂၇၄ ခြေလျင်တပ်ရင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ချင်းညီနောင်စစ်ဆင်ရေးက ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ညမှာ ထုတ်ပြန်ကြေညာပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်ကိုလည်း ကယ်ထုတ်ပေးနိုင်ခဲ့တယ် လို့လည်း ဆိုပါတယ်။

ပြီးတော့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းတွေနဲ့ သုံ့ပန်းမှတ်တမ်းပုံတွေကိုလည်း ဒီနေ့ ထုတ်ပြန်လာပါတယ်။
ချင်းညီနောင်ဟာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်နဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Yaw Defense Force (YDF)၊ Yaw Army (YA)၊ မုံရွာခရိုင်တပ်ရင်း ၃ တို့နဲ့ တိုက်ပွဲဝင်ခဲ့ပြီး အာရက္ခတပ်တော်(AA) က စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူတွေအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့ လိုအပ်တဲ့အကူအညီတွေကို ပံ့ပိုးကူညီခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အသက်ပေးသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ရဲဘော်တွေနဲ့ အောင်ပွဲရတဲ့အထိ စွမ်းစွမ်းတမံချီတက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူးတွေ၊ တပ်သားတွေရဲ့ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှိုက်လှဲလှဲလေးစားဂုဏ်ပြုပြီး ချင်းညီနောင်အနေနဲ့ ချင်းပြည်က မြို့နယ်တွေမှာကျန်နေသေးတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး အတွက် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၂၃ ယောက်နဲ့အတူ သူတို့ရဲ့မိသားစုဝင်တွေလည်း လက်နက်ချအညံ့ခံခဲ့ကြပြီး ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁၂ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။
Chin National Defense Force (CNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “တိုက်ပွဲတွေကတော့ငြိမ်သက်သွားပါပြီ။ ဒါပေမယ့် စစ်တပ်ကလေယာဥ်တွေနဲ့ ကန်ပက်လက်ဘက်ကို ဗုံးတွေတောက်လျှောက်ကြဲနေပါတယ်။ ထိခိုက်ပျက်စီးတာတွေ မသိရသေးဘူးပေါ့။ သူတို့တပ်တွေပြန်ဆုတ်သွားတဲ့အတွက် ဗုံးကြဲနေတာဖြစ်ဖို့များတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးတော့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲစတော့မယ်လို့ ကြေညာချိန်မှာပဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မြို့ကနေစွန့်ခွာသွားတာကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ ကန်ပက်လက်မြို့ကို ရရှိခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီကတော့ မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











