
ဆူဒန်နိုင်ငံအနောက်ပိုင်း မြောက်ဒါဖာပြည်နယ်ရဲ့ မြို့တော် အယ်လ်ဖာရှာမှာ ပိတ်ဆို့ ဝိုင်းရံထားမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၈၂ ယောက်ထက်မနည်း သေဆုံးပြီး ၁,၁၄၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာရုံး (OHCHR) သတင်းထုတ်ပြန်ပါတယ်။
အစီရင်ခံစာအရ အခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ သိသိသာသာ ပြင်းထန်လာခဲ့ပြီး ပဋိပက္ခမှာပါတဲ့ အဖွဲ့တွေက လူနေရပ်ကွက်တွေထဲမှာ အပြင်းအထန် တိုက်ခိုက်ခဲ့တာပါ။
အိမ်တွေကို စစ်ရေးရည်ရွယ်ချက်အတွက် သုံးခဲ့ပြီး စျေးတွေကို တိုက်ခိုက်လုယက်ခဲ့လို့ ပစ်ခတ်မှုအတွင်း အရပ်သားတွေ ကြားညပ်ခဲ့ကြပါတယ်။
အရပ်သားအများအပြားဟာ အိမ်တွေ၊ ဈေးတွေ၊ ဆေးရုံတွေနားနဲ့ လမ်းတွေပေါ်မှာ အသက်ဆုံးရှုံးခဲ့ရတာပါ။
ထောင်ချီတဲ့လူတွေဟာ လုံလုံခြုံခြုံ ထွက်သွားဖို့ အာမခံချက်မရှိဘဲ မြို့ထဲမှာ အဝိုင်းခံထားရဆဲ ဖြစ်ပြီး ပဋိပက္ခမှာ ပါဝင်သူ အားလုံးရဲ့ ခွဲခြားဆက်ဆံခံရတဲ့အတွက် သေဆုံး၊ ဒဏ်ရာရနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ အစီရင်ခံစာက ဆိုထား ပါတယ်။
ပြင်းထန်တဲ့ ပဋိပက္ခတွေအောက်မှာ နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းက ပိုမိုဆိုးရွားလာနေပါတယ်။
ပြီးခဲ့တဲ့ ၇ လအတွင်း မြို့တွင်းနဲ့ အနီးတဝိုက်မှာ အပြင်းအထန် အပြန်အလှန် ပစ်ခတ်ခဲ့လို့ အရပ်သား ၇၈၂ ယောက် သေဆုံးပြီး ၁,၁၄၃ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ OHCHR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆေ့ဖ်မာဂံဂိုက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) တို့ကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီးကတည်းက ဆူဒန်အရပ်သား ၁၂ သန်း ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ပြည်သူ ၃ ဒသမ ၂ သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ကြပါတယ်။
ဆူဒန်နယ်စပ်အနားက တောင်ဆူဒန်ဒေသ ကျေးရွာတချို့မှာ ဒုက္ခသည်ဦးရေ တိုးမြင့်လာလို့ ဒေသခံ အခြေခံဝန်ဆောင်မှုတွေအတွက် ဝန်ထုပ်ဝန်ပိုး ကြီးလာနေတာပါ။
အစာရေစာနဲ့ ရေပြတ်တောက်မှု၊ မိလ္လာစနစ်ပြတ်လပ်မှုတို့ကြောင့် ကာလဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေတိုးလာတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Source: Reuters











