
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ထိစပ်နေတဲ့ မတ္တရာနယ်အရှေ့တောင်ခြမ်းကို စစ်ကောင်စီက အဝေးပစ်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်တာကြောင့် ၂ ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိခဲ့ပြီး မြေပြင်မှာတိုက်ပွဲပြင်းထန်တာကြောင့် ၂ ဖက်ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
နိုဝင်ဘာတလလုံးမှာ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာ နှစ်ဖက်ထိတွေ့မှုများခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့နဲ့ ၆ ရက်နေ့တွေတုန်းက ပြင်ဦးလွင်မြို့ DSA နဲ့ DSTA ကျောင်းဆင်းပွဲတွေကို စစ်ခေါင်းဆောင်တက်ရောက်ပြီးနောက်မှာတော့ မတ္တရာအရှေ့နဲ့ အရှေ့တောင်ဘက်ခြမ်းကို စစ်ဦးလှည့်လာတာဖြစ်ပါတယ်။
မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “ဒေသအခေါ် ဘဲခြံပေါ့။ ထန်းပင်ကုန်းရွာတောင်ဘက်ကျမယ်။ မြကန်သာရဲ့မြောက်ဘက်၊ အဲ့ဒီမှာ တိုက်ပွဲပြင်းထန်တယ်၊ ၂ ဖက်ထိတွေ့မှုပြင်းထန်တယ်။ ၂ ဖက်ထိခိုက်ကျဆုံးမှုရှိတယ်။ စကစဘက်က MLRS သုံးတယ်၊ MLRS ဆိုတာက တာဝေးပစ် မစ်ဆိုင်းလ်တွေ။ နောက်တခါ ဟောင်ဝစ်ဇာက ၇ လုံးလောက်သုံးတယ်။ ကျန်တဲ့လက်နက်ကြီးတွေကတော့ အစုံသုံးတယ်။ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိတယ်။ မတ္တရာအရှေ့တောင်ခြမ်းမှာ အဲ့ဒါတခု၊ မတ္တရာအရှေ့ခြမ်းမှာ လက်ကောင်းကြီးဘက်ကနေပြီးတော့ စကစ စစ်ကြောင်းတကြောင်းက တောင်ဘက်ကိုတိုးတယ်၊ အဲ့ဒီမှာ ၂ ဖက်ထိတွေ့မှုဖြစ်တယ်၊ တချိန်တည်း တပြိုင်တည်းပဲ။ မတ္တရာရဲ့ အနောက်မြောက်ခြမ်းမှာက ဒေသအခေါ် ရှင်လှအလယ်ရွာပေါ့နော်၊ အဲ့ဒီကို စကစက မီးရှို့ဖျက်ဆီးတာရှိတယ်။ ဒီကနေ့မှာလည်း အနောက်မြောက်ခြမ်းက မြွေပုသိမ်ရွာကို ထပ်မံပြီးတော့ မီးရှို့ဖျက်ဆီးတာရှိတယ်။ အဲ့ဒီ ၃ ကြောင်းလှုပ်ရှားမှုရှိတယ်။ မတ္တရာရဲ့အနောက်မြောက်ခြမ်းမှာတော့ ၂ ဖက်ထိတွေ့မှုမရှိဘူး။ စကစဘက်က လက်နက်ကြီးပစ်တာရှိတယ်။ အရှေ့ခြမ်းမှာပြင်းထန်တယ်။ အရှေ့တောင်ခြမ်းက ပိုပြီးပြင်းထန်တယ်။ ပြင်းထန်တော့ ၂ ဖက်ဒဏ်ရာရ ထိခိုက်သေဆုံးရှိတယ်နော်” လို့ ပြောပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းတုန်းက မန္တလေးတိုင်းဘက်ကို ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက မကွေးတိုင်း၊ ပေါက်၊ မြိုင်၊ ပခုက္ကူဘက်က PDF တွေနဲ့ စစ်ကိုင်းတိုင်း ချောင်းဦး၊ ရွှေဘို၊ ပုလဲ၊ မုံရွာဘက်က PDF တွေ ကျွံဝင်မလာအောင် စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်တလအလို ၂၀၂၃ စက်တင်ဘာလကတည်းက NUG ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုတွေကို တပ်လှန့်ခဲ့ပြီး လက်နက်နဲ့ရိက္ခာထောက်ပို့မှုတချို့ ပြုလုပ်ပေးခဲ့တာပါ။
မြေလတ်ဒေသနိုင်ငံရေးသမားတယောက်က “ဒီနေ့တော်လှန်ရေးကာလကြာလာချိန်မှာ ငါတို့တွေက ပူးပေါင်းလုပ်ရမယ်ဆိုတော့ တမြို့နယ်ရဲ့လုံခြုံရေးကို တမြို့နယ်က စောင့်ရှောက်သလို တမြို့နယ်ရဲ့စစ်ဘေးရှောင်တွေက တမြို့နယ်က ကူခဲ့တယ်။ ကျနော်တို့မှာက နိုင်ငံတကာတွေ ပတ်ဝန်းကျင်ရဲ့ကူညီမှုတွေက အစကတည်းက အင်မတန်နည်းခဲ့တာဖြစ်နေတဲ့အတွက် အချင်းချင်းရဲ့စည်းလုံးမှုမှာတော့ ပိုပြီးတော့ အတွေ့အကြုံတွေရပြီးတော့ ငါတို့တွေ ဘယ်လိုပူးပေါင်းမယ်ဆိုတာတွေကတော့ အရင်ထက်စာရင် အများကြီးပိုကောင်းလာတယ်လို့တော့ ကျနော် သုံးသပ်ချင်ပါတယ်။ အားလုံးကတော့ ချိတ်ဆက်ဆောင်ရွက်လို့သာ ဒီလောက်အထိအောင်မြင်လာတယ်လို့ ကျနော်ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေဟာ အဲ့ဒီလိုစနစ်တကျ မချိတ်ဆက်ခဲ့ဘူးဆိုရင် ဒီလိုအထိတော့ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ ကျနော် သုံးသပ်ပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာလဆန်းပိုင်း စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးမှာ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွင်းမှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေပိုလုပ်ပြီး နယ်မြေပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာပါ။
နိုဝင်ဘာ ၅ ရက်နေ့မှာစတင်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး တရုတ်နိုင်ငံက မြန်မာ့အရေးမှာ တော်လှန်ရေးဘက်ကမရပ်ဘဲ စစ်ကောင်စီကို နောက်ကွယ်ကနေ ထောက်ပံ့နေတယ်လို့ နိုင်ငံတကာရောက်မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။
သုတချမ်းသာ