
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်တိုင်းရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲမဖြစ်ဘဲ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက ဗုံး ၂ လုံးကြဲချခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ဘုတလင်နယ် အင်တိုင်းရွာက ဒေါ်မြင့်ကြည်အိမ်အနီးက ဗုံးသီး ၁ လုံး ချတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းအနီးကို ၁ လုံး ကြဲချသွားတယ်ဗျ။ အဲလိုကြဲချသွားလို့ အသက် ၈ နှစ်အရွယ် မောင်ရဲလင်းထွန်း နဲ့ အသက် ၆၉ နှစ်အရွယ် ဒေါ်ကြည်သန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဗျ။ နွား ၁ ကောင်သေဆုံးပြီ ရွာကစာသင်ကျာင်း အဆောင် ၂ ဆောင်၊ ဘုန်းကြီးကျောင်းတွေပါ ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါအင်တိုင်းကျေးရွာဟာစစ်ကောင်စီတပ်စွဲရာ ကူတော်ရွာနဲ့အနီးဆုံး ကျေးရွာတစ်ရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘုတလင်မြို့နယ် တပ်ရင်းတစ်ခုရဲ့ ခေါင်းဆောင်တယောက်က “ကျနော်တို့ အင်တိုင်းရွာကိုစစ်တပ်က လေယာဉ်နဲ့လာပစ်တာဟာ ကူတော်ရွာကရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်တွေက စခန်းသိမ်းမယ်အထင်နဲ့ အခုလို ပစ်တာဖြစ်နိုင်တယ်။ မြေပြင်မှာရော ကူတော်စခန်းသိမ်းဖို့ လုပ်ဆောင်နေတာ ရှိလားဆိုတော့ ကျနော်တို့ဘက်က စခန်းသိမ်းဖို့ အစီအစဉ်လည်း မရှိသေးပါဘူး။ ကျနော်တို့ NUG အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တိုက်ပွဲဝင်ဖို့ အမိန့်တစုံတရာ ချမှတ်ထားတာလည်း မရှိသေးပါဘူး။ သူတို့ ကူတော်စခန်းကကောင်တွေက ကြောက်လန့်ပြီး လေယာဉ်ခေါ်တာဖြစ်မယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘုတလင်မြို့နဲ့ ထိစပ်နေတဲ့ ကနီမြို့နယ်အတွင်းက နတ်ကြီးရွာ၊ ကျောက်လှေကားရွာတို့ကို လေကြောင်းနဲ့ ပစ်ခတ်လို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့ရပြီး ပြည်သူနေအိမ်တွေအပါအဝင် ဘုရားကျောင်းကန်နဲ့ စေတီပုထိုးတွေလည်း ပျက်စီးခဲ့ပါတယ်။










