DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အရက်နှင့် စီးကရက်ရောင်းချခွင့် AA ပိတ်ပင်
DVB
·
December 20, 2024
ရခိုင်တွင် အရက်နှင့် စီးကရက်ရောင်းချခွင့် AA ပိတ်ပင်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ နိုင်ငံခြားထုတ်နဲ့ ပြည်မထုတ် အရက်နဲ့ စီးကရက်တွေ အပါအဝင် မူးယစ်ကုန်အားလုံးကို ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားပြီး ရောင်းချခွင့်နဲ့ သောက်သုံးခွင့် ပိတ်ပင်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံခြားဖြစ်နဲ့ ပြည်မထုတ် အရက်၊ စီးကရက် စတဲ့ မူးယစ်ကုန်တွေကို စက်တင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ၃ လအတွင်း အကုန်ရောင်းချကြဖို့ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ နိုင်ငံရေးမှူးတွေက လက်မှတ်ထိုးပြီး စစ်ဒေသအလိုက် အမိန့်ထုတ်ပြန်ထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာ အပြီးတိုင် ရောင်းချခွင့်ကို ပိတ်လိုက်တာလို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ULA က ကြေညာချက် စထွက်ကတည်းက နယ်ဘက်တွေမှာ နိုင်ငံခြားဖြစ်အရက်တွေ၊ ပြည်မထွက်အရက်တွေ၊ စစ်ကောင်စီထုတ်ကုန်တွေ၊ စီးကရက်တွေနဲ့ မူးယစ်ကုန် အားလုံးကို ရောင်းချခွင့် ပိတ်ပင်ထားပြီးဖြစ်တယ်။ ဒါပေမဲ့ မြို့ပေါ်က ဆိုင်တချို့တော့ ရောင်းကြသေးတယ်။ အခု ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက လုံးဝကို ရောင်းချခွင့်မရှိတော့ဘူး။ သောက်သုံးခွင့်လည်း မရှိဘူး။ အဓိကတော့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ အခွန်တွေကို ဖြတ်တောက်ချင်ပြီး ပြည်တွင်းက ငွေတွေ ပြည်ပမထွက်ဖို့ လုပ်တာလို့ ထင်တယ်။”

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရိုးရာ ဆန်အရက်တွေကိုသာ ရောင်းချခွင့်ပြုထားပြီးတော့ အရက်ဆိုင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံခြားဖြစ်အရက်တွေကို AA က သိမ်းဆည်းသွားမလားဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ နိုင်ငံခြားဖြစ် အရက်၊ ပြည်မထွက် အရက်နဲ့ စစ်ကောင်စီထုတ်ကုန် မူးယစ်ကုန်တွေကို ရောင်းချတာတွေ့ရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း AA ဘက်က ကြေညာထားတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံခြားဖြစ် အရက်နဲ့ ပြည်မထုတ် အရက်တွေကို ပိတ်ပင်ထားရင် ရခိုင်ဒေသမှာ အရည်အသွေးပြည်မီတဲ့ အရက်တွေကို ထုတ်လုပ်ဖို့ လိုအပ်တယ်လို့ နောက်ထပ် ရခိုင်ဒေသခံတယောက်က ပြောပါတယ်။

“ရခိုင်မှာ နိုင်ငံခြားဖြစ်နဲ့ ပြည်မဖြစ် အရက်၊ စီးကရက် စတဲ့ မူးယစ်ကုန်တွေကို ရောင်းချခွင့် ပိတ်ပင်လိုက်တာကတော့ ကြိုဆိုရမယ်။ ဒါပေမဲ့လည်း AA အနေနဲ့ ဆန်အရက်တခုတည်းနဲ့ အစားထိုးထားတာထက် အရည်အသွေးပြည်မီတဲ့ ဒေသထွက် အရက်တို့ ဝီစကီတို့ စီးကရက်တို့ ထုတ်ပေးနိုင်ဖို့ လိုအပ်တယ်။ ဆန်အရက်တွေက FDA ထောက်ခံချက်လည်း မရှိသလို အသည်းတွေကိုလည်း ထိခိုက်စေတာကြောင့် ရောဂါဖြစ်သူတွေ တိုးပွားလာမှာကို အရမ်းစိုးရိမ်ရတယ်။”

ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ထားပေမဲ့ စစ်ကောင်စီပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်တဲ့ အရက်နဲ့ မူးယစ်ကုန်တွေကိုတော့ တင်သွင်းခွင့် ပြုထားတာ ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ တနှစ်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၃ ခုအထိ သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တိုင်းမှာ နိုင်ငံခြားဖြစ်အရက်နဲ့ ပြည်မထုတ် မူးယစ်ကုန်တွေ ရောင်းချခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013