စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက် ညနေ ၆ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် တယောက် ဒဏ်ရာရသွားပါတယ်။
ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “ဘုတလင်မြို့နယ်ထဲက အင်တိုင်းရွာကို စစ်တပ်က ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံး ၂ လုံးကြဲချသွားတာပါ။ လူထိခိုက်ပျက်ဆီးဆုံးရှုံးမှုတွေရှိတယ်လို့တော့ ကနဦးသိရတယ်ခင်ဗျ”လို့ ပြောပါတယ်။
အင်တိုင်းကျေးရွာကို စစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းထိုးတာမရှိတဲ့အပြင် အင်တိုင်းကျေးရွာနဲ့ အနီးဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားနေတာရှိဘဲ စစ်ကောင်စီတပ်ဘက်က ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
အဆိုပါ ဗုံးသီးတွေပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် တယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ကာ ပိုင်ရှင်ဦးဆန်းဝင်းရဲ့ နွား တကောင်သေဆုံးခဲ့ရပြီး ဘုရား၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားတယ်လို့ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“တိုက်ပွဲတွေ စစ်ကြောင်းထိုးတာတွေဘာမှမရှိပါဘူး။ ဒါပေမဲ့ ကူတော်ရဲစခန်းရဲ စခန်းထဲမှာ ရှိနေတဲ့ သူတို့စစ်သားတွေစစ်ကြောင်းထွက်ဖို့ ကြိုရှင်းပေးတာလည်း ဖြစ်နိုင်တာပေါ့ဗျာ။ သူတို့ချတဲ့ ဗုံးသီးက ၂ လုံးဗျ။ တလုံးက အင်တိုင်းရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းနားက ဦးမာကျော်ရဲ့ အိမ်သာပေါ်ကျတယ်။ နောက်တလုံးက ရွာဦးစေတီနားကျကွဲတယ်”လို့ပြော ပါတယ်။
စက်တင်ဘာလကုန်ပိုင်းမှာ အင်အား ၈၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းကနေထွက်လာစဥ် တော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကြောင်း တခုလုံးပျက်စီးသွားခဲ့ဖူးပါတယ်။
ဒီနောက်ပိုင်း ဘုတလင်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်ပါတယ်။