
မြန်မာယူ ၁၉ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့ပြီး အာရှထိပ်သီးအဆင့် ၄ သင်းထဲဝင်ခဲ့ပြီဆိုပေမယ့် တကယ့်အရှိတရားကတော့ အဲ့ဒီလောက်အဆင့် မရှိသေးဘူးလို့ အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းဆောင်ရွက်သူ ဦးရဲမျိုးဟိန်းက ပြောပါတယ်။
ပရိသတ်အနေနဲ့ ဆီမီးဖိုင်နယ်မှာ ကာတာနဲ့ ကစားမယ့် မြန်မာအသင်းကို ဖိအားမပေးဘဲ အားပဲပေးကြဖို့လည်း သူက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
မြန်မာယူ ၁၉ အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ပရိသတ် အားပေးပုံတွေအကြောင်း သိရလေအောင် ဦးရဲမိုးဟိန်းကို ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာ ယူ ၁၉ ရဲ့ ကစားပုံကို ဘယ်လို သုံးသပ်ပါသလဲ။
“သူတို့ကစားပုံကတော့ ပုံမှန်အောက်ထက်တော့ မကျပါဘူး။ ပြိုင်ဘက်ပေါ် မူတည်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ကျနော်တို့နဲ့ ပြိုင်ရတဲ့ ပြိုင်ဘက်က အရှေ့တောင်အာရှအသင်းတွေ၊ အရမ်းမမာတဲ့အသင်းတွေဆိုရင် သူတို့ ကောင်းကောင်း ကစားနိုင်ပါတယ်။ ဒါပေမယ့် တဖက်က အရမ်းမာတဲ့ အရှေ့အလယ်ပိုင်းအသင်းတွေဆိုရင် အရမ်းလည်း ကစားရခက်တယ်။ အရှေ့အာရှအသင်းတွေတောင်မှ အရှေ့အလယ်ပိုင်း အသင်းတွေနဲ့တွေ့ရင် တော်တော်ကစားရ ခက်တယ်ဆိုတာ သူတို့ကိုယ်တိုင် ၀န်ခံထားတာ ရှိပါတယ်။ အဲလိုအသင်းမျိုးတွေနဲ့ကျရင် ကိုယ်လုပ်ချင်သလို ကျနော်တို့ လုပ်လို့ မရဘူးပေါ့။ ကိုယ့်ကစားကွက်နဲ့ ကစားလို့မရဘူး၊ သူ့ကစားကွက်ကို ပြန်ပြီးတော့ တုံ့ပြန်ကစားရတဲ့ အပိုင်းတွေရှိပါတယ်။ ဒါပေမယ့် အဓိကအချက်တွေဖြစ်တဲ့ ကစားသမားတွေရဲ့ တည်ငြိမ်မှု၊ ဘောလုံးကို အခွင့်အရေး ရရင် ရသလို အသုံးချနိုင်မှု၊ အဲလိုအပိုင်းမျိုးတွေမှာတော့ သူတို့ အကောင်းဆုံး စွမ်းဆောင်နိုင်တယ်လို့ မြင်ပါတယ်။ အရမ်းကောင်းတဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ကစားတဲ့အခါကျတော့ ကိုယ်လုပ်ချင်သလို၊ ထိုင်းတို့၊ ဗီယက်နမ်တို့၊ မလေးရှားတို့လို ပြိုင်ဘက်မျိုးကို ကန်သလိုမျိုး ကန်လို့မရတာ တွေ့ရပါတယ်။”
မြန်မာအသင်းကန်တဲ့ပွဲတိုင်းကို ပရိသတ်ကတော့ အင်ပြည့်အားပြည့် ကွင်းလုံးပြည့် လာအားပေးနေကြတယ်။ ပရိသတ်ကတော့ တာဝန်ကျေတယ်လို့ ပြောရမယ်။ ဒါပေမယ့် တဖက်မှာ မြန်မာအသင်းပရိသတ်တွေ အားပေးပုံ နည်းလမ်းကျလား၊ အားပေးပုံ နည်းနည်း လိုနေဦးမလား။
“ပရိသတ်ကတော့ ပွဲတိုင်း တကယ့်ကို ကစားသမားတွေ လိုအပ်တဲ့ အားတခုဖြစ်အောင် သူတို့တွေ လာအားပေးကြပါတယ်။ သူတို့ကိုယ်တိုင်းလည်း သုဝဏ္ဏကွင်းကို ခက်ခက်ခဲခဲလာပြီးတော့ အားပေးချင်လွန်းလို့ လာကြတာ ကျနော်တို့ တွေ့ရပါတယ်။ အဲအတွက် အရမ်းဝမ်းသာတယ်၊ ကျေးဇူးလည်း တင်တယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ အခုမှ နိုင်ငံတကာပွဲဆိုတာ သေသေချာချာ ထိထိမိမိ ထိတွေ့ခွင့်ရတယ်။ အာရှအဆင့်ပြိုင်ပွဲဆိုရင် ဒါ ပထမဆုံးအဆင့် ကြည့်ခွင့်ရတယ်ဆိုတော့ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းလေးတွေ၊ တချို့ဟာလေးတွေ၊ ပရိသတ်နဲ့ပတ်သက်ပြီး လုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေ သိပ်ပြီး မရင်းနှီးတာမျိုးတွေ ရှိတယ်။ တချို့ကိစ္စမျိုးတွေမှာ အရမ်းကို အားပေးချင်ဇောနဲ့ လုပ်ဖြစ်သွားတာမျိုးတွေ၊ အသင်းအပေါ် အားပေးချင်ဇောနဲ့ အားမလိုအားမရဖြစ်တာနဲ့ လုပ်ဖြစ်သွားတာမျိုးတွေ ရှိပါတယ်။ အဲဒါကတော့ လုံခြုံရေးရယ်၊ ကျနော်တို့ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေရယ် အကုန်လုံး ၀ိုင်းဝန်းထိန်းသိမ်းပြီး နောက်ဆိုရင် ဒါနဲ့ ယဉ်ပါးသွားအောင် ဆောင်ရွက်သွားမယ်ဆိုရင် ပိုပြီးကောင်းလာမယ်လို့ ထင်ပါတယ်။ ဆီးဂိမ်းတုန်းကထက်စာရင်တော့ ကျနော်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုပြီးတော့ အဆင့်မြင့်လာတာ တွေ့ရတယ်။ ဒါပေမယ့် လိုအပ်ချက်လေးတော့ ရှိနေပါသေးတယ်။ လိုအပ်ချက်ဆိုတာက ပြိုင်ပွဲတွေနဲ့ မယဉ်ပါးမှုအပေါ်မှာ အဓိကကျတယ်လို့ ကျနော်မြင်ပါတယ်။”
ကစားခဲ့တဲ့ပွဲတွေမှာ မြန်မာနဲ့ အီရန်ပွဲမှာ မြန်မာရှုံးတယ်၊ ရှုံးရင်တောင်မှ ၃ လုံးအထိ ရှုံးလို့ရတယ်၊ တက်မှာပဲ ကွားတာကိုဆိုပြီး ကြိုပြီးသတင်းထုတ်ထားတဲ့ကြားထဲက တချို့ပရိသတ်တွေ ပွဲအပြီးမှာ မသင့်တော်တဲ့လုပ်ရပ်တွေ လုပ်သွားတယ်လို့လည်း ကျနော်တို့ ကြားရပါတယ်။ အဲတော့ ဆီမီးမှာတွေ့မယ့် ကာတာဆိုတာက တကယ်အဆင့်မြင့်အသင်း၊ တရုတ်ကိုတောင် အနိုင်ကန်ထားတာ။ အဲပွဲမှာ ပရိသတ်က ဘယ်လိုအားပေးဖို့ လိုမလဲ။
“ကျနော်တို့အနေနဲ့ ရည်ရွယ်ချက်တခု ပေါက်မြောက်ခဲ့ပြီ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခဲ့ပြီ။ အာရှထိပ်ဆုံး လေးသင်းစာရင်း ၀င်ခဲ့ပြီ။ ဒါပေမယ့် ကျနော်တို့ အသင်းအဆင့်က တကယ်တမ်း အရှိတရားမှာဆိုရင် အဲဒီလောက်ထိ မရှိသေးဘူးဆိုတာ ကျနော်တို့ လက်ခံရမယ်။ ဒီလိုမျိုး ဖြစ်ဖို့ အရမ်းကြိုးစားနေတာ။ ဖြစ်ဖို့ ကြိုးစားနေပြီးတော့မှ ဒီလိုအသင်းတွေနဲ့ အမြဲတမ်းတွေ့ပြီး ကမ္ဘာ့ဖလားမှာလည်း ကမ္ဘာ့အဆင့်တွေနဲ့တွေ့ပြီး ကန်တော့မှ တည်ငြိမ်တဲ့ အဆင့်တခုကို ကျနော်တို့ ရောက်မှာ။ အခုက ကျနော်တို့ စပြီးတက်နေတဲ့အနေအထားမှာ ရှိတယ်။ တက်တဲ့အနေအထားမှာလည်း အရမ်းကို အင်တိုက်အားတိုက် တက်နေရတဲ့ပုံစံမျိုးမှာရှိတယ်။ ဒါပမေယ့် ပရိသတ်ကတော့ ဘောလုံးကန်ပြီးဆိုရင် အရမ်းနိုင်စေချင်တာ သူတို့ သဘာဝပါပဲ။ ကျနော်တို့အနေနဲ့ကတော့ ပရိသတ်ကို ကျနော်တို့ ခြေစွမ်းအရမ်းကွာတယ်၊ အခု ယုံကြည်မှုတခုလည်း ပေါက်မြောက်ခဲ့ပြီ၊ အိပ်မက်တခုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပြီ၊ ကလေးတွေကိုလည်း အရမ်းကြီး ဖိအားမဖြစ်စေချင်ဘူး။ ပြီးတော့ အရမ်းကြီး မျှော်လင့်ပြီး အရမ်းအားပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီနောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿ နာမျိုးတွေနဲ့၊ နိုင်ငံနဲ့တိုင်းပြည်နဲ့ ဘောလုံးလောကကိုလည်း သိက္ခာ မကျစေချင်ဘူး။ အဲတော့ ပရိသတ်တွေအနေနဲ့ နောက်ဆုံးဘောလုံးပွဲကို ဘောလုံးပွဲတပွဲလို စိတ်ခံစားမှုအပြည့်နဲ့ အကောင်းဆုံး အားပေးပြီးတော့ ပြိုင်ဘက်ကိုလည်း လေးလေးစားစားနဲ့၊ ပြိုင်ပွဲကြီးကိုလည်း လေးလေးစားစား အားပေးပြီးတော့ ဘယ်လိုရလဒ်မျိုးပဲ ထွက်ထွက် လက်ခံပြီးတော့ ကျနော်တို့ ကစားသမားတွေကို ဖိအားမပေးဘဲနဲ့ အားပဲပေးဖို့ ကျနော်တိုက်တွန်းချင်ပါတယ်။”










