
လာမဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ ယှဉ်ပြိုင်မဲ့ အင်္ဂလန်လက်ရွေးအသင်းရဲ့ လူစာရင်းကနေ ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ်ပါမာနဲ့ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့အပါအဝင် ကစားသမား ၅ ယောက် နုတ်ထွက်သွားပါတယ်။
သူတို့နဲ့အတူ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်လူ မိုင်နူးနဲ့ နယူးကာဆယ်နောက်ခံလူ လီးဗရာမန်တို တို့လည်း ပါဝင်ပါတယ်။
ဒီလို ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားတွေ နုတ်ထွက်သွားတာဟာ နည်းပြ သောမတ်စ်တူချယ်အတွက် အခက်တွေ့စေခဲ့တာ ဖြစ်ပါတယ်။
ကစားသမားတွေ နုတ်ထွက်သွားတာကြောင့် ဖောရက်စ်ကွင်းလယ်လူ ဂစ်ဘ်စ်ဝှိုက်နဲ့ အဲဗာတန်ကွင်းလယ်လူ ဂျမ်းစ်ဂါးနားတို့ကို နည်းပြ တူချယ်က အစားထိုး ခေါ်ယူလိုက်ပါတယ်။
ပါမားဟာ ဒဏ်ရာအနည်းငယ် ရရှိခဲ့လို့ အသင်းကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ တူချယ်ကတော့ အသက် ၂၆ နှစ်အရွယ် ဂစ်ဘ်စ်ဝှိုက်ဟာ အစကတည်းက လူစာရင်းမှာ ပါဝင်ဖို့ နီးစပ်ခဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။











