DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ် သဘောမတူပါက အီရန်စွမ်းအင်နှင့် ရေနံပစ်မှတ်များကို ဖျက်ဆီးမည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
March 31, 2026
Photo:Reuters
Photo:Reuters
Donate to DVB

သဘောတူညီချက်တရပ် အချိန်တိုအတွင်း မရဘူးဆိုရင် အီရန် စွမ်းအင်စက်ရုံတွေ၊ ရေနံတွင်းတွေ အပြင် ရေချိုသန့်စင်စက်ရုံတွေကိုပါ ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက် လိုက်ပါတယ်။

ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန် မဖွင့်ရင်လည်း အခုလို တိုက်ခိုက်မယ်လို့ သူက ဆိုပါတယ်။

တဖက်မှာလည်း အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တွေဟာ လက်တွေ့ မကျ၊ ယုတ္တိမတန်၊ အလွန်အကျူး ဖြစ်နေတယ်လို့ အီရန်က ဝေဖန်ထားပါတယ်။

အီရန်နဲ့ အလေးအနက် ဆွေးနွေးနေပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောမတူဘူးဆိုရင် “ရည်ရွယ်ချက် ရှိရှိ မထိဘဲ ထားထားတဲ့ နေရာတွေကို ပစ်ရလိမ့်မယ်” လို့ ထရမ့်ပ်က ပြောပါတယ်။

အီရန်ရဲ့ လောင်စာဗဟိုချက် ခါ့ဂ်ကျွန်းကိုလည်း တိုက်ခိုက်ဖို့ ထပ်ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန်၊ လက်ဘနွန်နဲ့ အစ္စရေးမှာ တိုက်ခိုက်မှုအသစ်တွေ ထပ်ဖြစ်နေပြီး ဟော်မုဇ်ရေလက်ကြားမှာတော့ အသွားအလာဟာ စစ်ပွဲ မတိုင်မီကနဲ့ယှဉ်ရင် နည်းပါးနေပါသေးတယ်။

ပါကစ္စတန်၊ အီဂျစ်၊ ဆော်ဒီအာရေဗျနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတွေ မတ် ၂၉ ရက်က ဆွေးနွေးခဲ့ ပြီးနောက် ကြားခံပုဂ္ဂိုလ်တွေကတဆင့် အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို လက်ခံရရှိ ခဲ့တယ်လို့ အီရန်က မတ် ၃၀ ရက်မှာ ပြောပါတယ်။

ဒီအဆိုပြုချက်တွေဟာ လက်တွေ့မကျ၊ ယုတ္တိမတန်သလို အလွန်အကျူး ဖြစ်နေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက ဝေဖန်ပါတယ်။

ဘာဂါအီက “ကျုပ်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ကျုပ်တို့ကို စစ်ရေးအရ ကျူးကျော် ခံနေ ရတာပါ။ ဒါကြောင့် ကြိုးပမ်းအားထုတ်မှုနဲ့ ခွန်အားတွေ အားလုံးကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက်ပဲ အာရုံစိုက်ထားပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်ဘက်က လတ်တလော အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ “လွန်လွန် ကဲကဲဖြစ်နေပြီး လက်တွေ့ မကျသလို အကြောင်းပြချက်လည်း မခိုင်လုံဘူး”လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက မတ် ၃၀ ရက်မှာ ပြောပါတယ်။

အီရန်ရဲ့ ရပ်တည်ချက်ဟာ အစကတည်းက ရှင်းလင်းနေပြီးသား ဖြစ်ကြောင်းနဲ့ အမေရိကန်နဲ့ တိုက်ရိုက် ဆွေးနွေးတာမျိုး လုံးဝ မရှိဘူးလို့ တီဟီရန်မှာလုပ်တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ဘာဂါအီက အလေးအနက် ပြောသွားပါတယ်။

“အချက် ၁၅ ချက် စီမံကိန်းဆိုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ကျနော်တို့ဆီ ပေးပို့လာတဲ့ အချက်အလက် တွေမှာ အများအားဖြင့် လွန်လွန်ကဲကဲဖြစ်ပြီး လက်တွေ့မကျတဲ့ တောင်းဆိုချက်တွေပဲ ပါဝင် နေပါတယ်။ ပါကစ္စတန်က သူ့အိမ်နီးချင်းနိုင်ငံတွေနဲ့ လုပ်ခဲ့တဲ့ အစည်းအဝေးက သူတို့ဘာသာ သတ်မှတ်ထားတဲ့ မူဘောင်တခုဖြစ်ပြီး အဲဒီထဲမှာ အီရန် မပါဝင်ဘူး။”

ဒေသတွင်းနိုင်ငံတွေက ငြိမ်းချမ်းရေးအတွက် စိုးရိမ်နေကြတာကို ကြိုဆိုပေမဲ့ အီရန်ရဲ့ ရပ်တည် ချက်ကတော့ ပြောင်းလဲမှု မရှိဘူးလို့လည်း ထပ်မံ အလေးပေး ပြောကြားခဲ့ပါတယ်။

စစ်ပွဲကို အဆုံးသတ်ဖို့ နိုင်ငံရေးဖြေရှင်းချက် ရှိ မရှိ မေးမြန်းရာမှာ ဘာဂါအီက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနေပြီး အီရန်ရဲ့ သိပ္ပံနဲ့ ယဉ်ကျေးမှုအခြေခံတွေကို ထိခိုက်အောင် လုပ်ဆောင်နေတဲ့အတွက် ခုခံကာကွယ်ရေးကို ဦးစားပေးနေရတယ်လို့ ပြောပါတယ်။

လိုအပ်လာရင် ခေါင်းဆောင်ပိုင်းရဲ့ အမြင်အပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ အမေရိကန်တို့ဟာ တီဟီရန်အပါအဝင် မြို့တော်တော် များများကို ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် အီရန်ရဲ့ အမြင့်ဆုံး အဓိပတိခေါင်းဆောင် အလီ ခါမေနီ နဲ့အတူ စစ်ဘက် အဆင့်မြင့်အရာရှိတွေ၊ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ကလည်း အရှေ့အလယ်ပိုင်းက အစ္စရေးနဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပြန်လည်တိုက်ခိုက်နေတာပါ။

အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ရန်သူအဖြစ် မမြင်ခဲ့ဘူးလို့ ထပ်မံပြောပြီး အီရန်ရဲ့ လုပ်ဆောင်မှု တွေဟာ ဒေသတွင်းရှိ အမေရိကန် စစ်စခန်းတွေကိုသာ ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဘာဂါအီက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ဟာ အဲဒီစစ်စခန်းတွေကို သုံးပြီး အီရန်ကို တိုက်ခိုက်နေတာဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း ထောက်ပြခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ နယ်မြေတွေကိုသုံးပြီး အီရန်ကို တိုက်ခိုက်တာမျိုး ခွင့်မပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်မှာဖြစ်ပွားနေတဲ့ “No Kings” (ဘုရင် အလိုမရှိ) ဆန္ဒပြပွဲကြီးတွေကို ရည်ညွှန်းပြီး စစ်ပွဲတွေကနေ အကျိုးအမြတ်ရသူတွေက လူထုထောက်ခံမှုရဖို့ နည်းလမ်းမျိုးစုံနဲ့ အကြောင်းပြချက်တွေ ဖန်တီးနေကြပေမဲ့ အခု ဆန္ဒပြပွဲတွေကတော့ အဲဒီနည်းလမ်းတွေ အလုပ် မဖြစ်တော့တာကို ပြနေတာပဲလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

အမေရိကန်ပြည်သူတွေက အီရန်နဲ့ စစ်ဖြစ်စရာ အကြောင်းမရှိဘူးဆိုတာ သိနေကြပြီး စစ်ဖြစ်ရင် အမေရိကန်ကို အကျပ်အတည်းထဲ တွန်းပို့လိမ့်မယ် ဆိုတာကို နားလည်ကြတယ်လို့ ဘာဂါအီက ပြောပါတယ်။

အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ တနင်္ဂနွေနေ့ညကနေ တနင်္လာနေ့ မွန်းတည့်ချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေ အများအပြား ပြုလုပ်ခဲ့တာကြောင့် အီရန်အနောက်ပိုင်းက တာဘရစ်ဇ်၊ ဇန်ဂျန်နဲ့ တောင်ပိုင်းက ကစ်ရှ်၊ ရှီရာဇ် မြို့တွေမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။

တချိန်တည်းမှာပဲ  အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က Operation True Promise 4 ရဲ့ ၈၇ ကြိမ်မြောက် တိုက်ခိုက်မှုလှိုင်းကို စတင်လိုက်ပြလို့ တနင်္လာနေ့မှာ ကြေညာခဲ့ပြီး အမေရိကန်နဲ့ အစ္စရေး စစ်ဘက်ဆိုင်ရာနေရာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013