
သိုင်းကားတွေ၊ သိုင်းဝတ္ထုတွေထဲကလို ဓားပျံတွေ သိုင်းချတဲ့ ပုံစံတွေကို အပြင်မှာ မြင်တွေ့ခွင့်ရဖို့ဆိုတာ စိတ်ကူးယဉ်မှု တခုအဖြစ်ပဲ ရှိနေခဲ့ပါတယ်။
သိုင်းကားတွေထဲကလို အမှန်တကယ်ဖြစ်လာတဲ့ ပုံစံမျိုးဆိုတာကလည်း စိတ်ကူးတွေကို တကယ် အကောင်အထည်ဖော်နိုင်မှသာ ရနိုင်တဲ့ ရလဒ်မျိုးပါ။
“ဓားပျံ” ဆိုတာ သိုင်းဝတ္ထုနာမည်တခုဖြစ်ပေမဲ့ ဘလော့ဂါတယောက်က တကယ့်ဘဝထဲမှာ ဓားပျံတွေကို ဖန်တီးပြသခဲ့ပါတယ်။
တရုတ်ပြည်ရှင်ချွမ်းဒေသ ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ ဖန်ရှီဆန်ဆိုတဲ့ ဘလော့ဂါ တယောက်ဟာ ရှေးကျတဲ့ သိုင်းပညာသရုပ်ပြမှုပုံစံမျိုး အထူးပြုလုပ်ချက်တွေ လုပ်ဆောင်ပြခဲ့ပါတယ်။
အထူးပြုလုပ်ချက်တွေ လုပ်ဆောင်ဖို့ ဘယ်လို ပြင်ဆင်ခဲ့ရသလဲ ဆိုတာ ဖန်ရှီဆန်က “အထူးပြုလုပ်ချက်တွေလုပ်ဖို့ တဲတွေ၊ လမ်းကြောင်းတွေ တည်ဆောက်ထားရပါတယ်။ နေ့တိုင်း အိပ်ယာထတာနဲ့ ဓားတွေလာမယ့်လမ်းကြောင်း၊ ဓားတွေ ပျံလို့ရအောင် ချိတ်ဆွဲရပါတယ်။ အဲ့ဒီအထူးပြုလုပ်ချက်မှာ ဓားပေါင်း ၇၀၀၀ သုံးထားပါတယ်။ ဒီလို ဓားတွေ ပျံလာတဲ့ ရိုက်ချက်တွေကို ရုပ်ရှင်တွေမှာ အကြိမ်ပေါင်းများစွာ ရိုက်ကူးထားရပါတယ်။ တချို့ဆို ရုပ်ကဒ်တွေ ရာနဲ့ချီပြီး ရိုက်ကူးထားရပါတယ်။ နောက်ဆုံး ကြည့်ရှုသူတွေ မြင်ရတာတော့ ရှော့တခုတည်းကိုပဲ(ရုပ်ကဒ်တခု) စက္ကန့်အနည်းငယ် အသုံးပြုထားတာကို မြင်ရမှာပါ။ ဒီလို စက္ကန့်ပိုင်းလေးရဖို့တောင် ကျနော်တို့ အရမ်းကြိုးစားရပါတယ်”လို့ ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဟိုတယ်စားပွဲထိုးအဖြစ် ရပ်တည်ခဲ့တဲ့ ဒီလူငယ်လေးဟာ လက်ရှိအချိန်မှာ ကိုယ်ခံပညာကို အသုံးပြုပြီး ပရိသတ်တွေသန်းချီရတဲ့ ဘလော့ဂါတယောက် ဖြစ်နေပါပြီ။
ရှီဆန်ဟာ မြေပြင်တိုက်ခိုက်မှုပြကွက်တွေကနေ အဆင့်မြင့်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ပြကွက်တွေပါ အသုံးပြုခဲ့မှုက ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဓားပျံဗွီဒီယိုဟာ သိုင်းပညာအပါအဝင် တရုတ်ယဉ်ကျေးမှုကိုလည်း ဖော်ဆောင်ထားတယ်လို့ ဖန်ရှီဆန်က ပြောပါတယ်။
“အမှန်က ကျနော့်ရဲ့ ဗွီဒီယိုတွေက သိုင်းပညာထက်ပိုပါတယ်။ ဒီမှာ တရုတ်ယဉ်ကျေးမှုကိုလည်း ပြသထားပါတယ်။ အရာအားလုံးက တရုတ်ရိုးရာ ပစ္စည်းတွေကို အခြေခံထားတာပါ။ ဒီဗွီဒီယို တခုလုံး ကျနော့်ရဲ့ အိပ်မက် တရုတ်ရိုးရာတွေကို ပြသထားတာပါ။”
ဓားပျံတွေကို ဖန်တီးတဲ့အခါမှာ ဒရုန်းတွေလည်း အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီနေရာမှာ ဗွီဒီယိုအထူးပြုလုပ်ချက်တွေ အသုံးပြုမှုနဲ့ တကယ့်ဓားတွေကို ဖန်တီးပုံဖော်တာပဲဖြစ်ပါတယ်။ ဖန်ရှီဆန်ကတော့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေထက် တကယ့်အထူးပြုလုပ်ချက်တွေကိုပဲ ပြုလုပ်ဖို့ စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။
သူကိုယ်တိုင်က သိုင်းပညာကို တကယ့်ပစ္စည်းအစစ်တွေနဲ့ ပြသဖို့ မျှော်လင့်ခဲ့သလို လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်။
Source: Reuters











