
လူပေါင်း ၅၀ လောက် သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ဗုံးကြဲမှုဖြစ်ရပ်နောက်ပိုင်း စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်တာ ဆက်လုပ်နေတာကြောင့် မြို့ခံတွေနဲ့ စစ်ဘေးရှောင်တချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
ဒါပေမဲ့ အများစုကတော့ ငွေကြေးအခက်အခဲနဲ့ တခြားအခက်အခဲတွေကြောင့် ဘယ်မှ မရှောင်နိုင်ဘဲ ဗုံးဆန်တွေကြားထဲမှာ အကြောက်တရားတွေနဲ့ ရှင်သန်နေရပါတယ်။
စက်တင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီကျော်မှာ စစ်အာဏာရှင်တပ်က ကျောက်တော်မြို့ရဲ့ လူအစည်းကားဆုံးနေရာတွေဖြစ်တဲ့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်ကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးကြဲခံရမှုကြောင့် မွေးကင်းစကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား သေဆုံးသူ အယောက် ၅၀ အထိ ရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ထက်မနည်း ရှိနေတာပါ။
လက်ရှိမှာလည်း ဒဏ်ရာရရှိသူတွေထဲက လူပေါင်း ၂၀ ထက်မနည်း စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ဆက်ရှိနေဆဲပဲလို့ သိရပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား ဗုံးကြဲမှုတွေဟာ ဒီနေရာမှာတင် ရပ်မသွားပါဘူး။
အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီကျော်မှာလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်တိုက်လေယာဉ်၊ Y-12 တွေနဲ့ ဗုံးလာရောက် ကြဲချခဲ့ပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျောက်တော်မြို့မှာ မြို့ခံတွေနဲ့ စစ်ဘေးရှောင်တချို့ လေကြောင်းရန် စိုးရိမ်စိတ်ကြောင့် လုံခြုံမယ်ထင်တဲ့နေရာတွေကို ပြောင်းရွှေ့နေကြတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အခုလို ဗုံးဆန်တွေကြားထဲမှာ အကြောက်တရားတွေနဲ့ ရှင်သန်နေရပေမဲ့ ငွေကြေးအခက်အခဲကြောင့် တိမ်းရှောင်ဖို့ အခက်အခဲရှိနေသူတွေက အများဆုံးပါလို့ ကျောက်တော်မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“တခြားမြို့တွေ သွားနေတဲ့သူလည်း ရှိတယ်။ တချို့ကဆိုလည်း ကိုယ့်ဟာကိုယ် လုံခြုံမယ်ထင်တဲ့ နေရာမှာပဲ နေကြတယ်။ တချို့ကလည်း သွားချင်ပေမဲ့ ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ လူတွေလည်း ရှိတယ်လေ။ လောလောဆယ် မြို့ကတော့ အကုန်လုံး တိတ်ဆိတ်နေပါတယ်။ လေယာဉ်သံကြားရရင်တော့ ညီမကတော့ နှလုံးတွေ လက်တွေ တုန်ပြီးတော့ ဘာမှမကြားချင်တော့ နားကိုပိတ်ပြီးတော့ ဘုရားစာတွေပဲဆိုပြီး ဝပ်နေလိုက်တယ်ပေါ့နော်။ ဗုံးကြဲတဲ့နေ့ကဆိုရင် ညီမတို့ အိမ်ထဲဝင်ပြေးလာတဲ့ ကောင်မလေးတယောက်ဆိုရင် အိမ်ထဲမှာပဲ သတိမေ့သွားတယ်။ လေယာဉ်သံတွေ ငြိမ်သွားပြီးမှ ဆေးရုံကို အမြန်ခေါ်သွားရတယ်ပေါ့နော်။”
ကျောက်တော်မြို့ အိန္ဒိယဈေးဟာ အိန္ဒိယက ရောက်ရှိလာတဲ့ ကုန်စည်တွေကို ရခိုင်ပြည်အနှံ့ လက်လီ၊ လက်ကား ဖြန့်ချိတဲ့ ဈေးကြီးတခု ဖြစ်ပါတယ်။
အရင်က ဈေးရောင်းဈေးဝယ်သူတွေနဲ့ အစည်ကားဆုံးဖြစ်ခဲ့တဲ့ ကျောက်တော်မြို့ဟာ လက်ရှိမှာတော့ လမ်းသွားလမ်းလာ မရှိသလောက် နည်းပါးသွားပြီး တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ကျောက်တော်မြို့ခံတွေဆီက သိရပါတယ်။
ကျောက်တော်မြို့ခံ အမျိုးသားတယောက်က “ဈေးဆိုင်တွေ၊ ကျောင်းတွေ၊ ဈေးတွေ အကုန်လုံး ပိတ်ထားတယ်ပေါ့နော်။ ဟိုတုန်းကဆိုရင် စည်စည်ကားကားဖြစ်နေတဲ့ ဒီ ကျောက်တော်မြို့ဟာ အခုဆိုရင် လမ်းသွားလမ်းလာတွေတောင် သိပ်မတွေ့ရတော့တဲ့ အခြေအနေပေါ့ဗျာ။ တအားကို ခြောက်ခြောက်ကပ်ကပ်နဲ့ စိုစိုပြည်ပြည် မရှိတော့တဲ့ အခြေအနေပေါ့နော်။ တချို့လူတွေက ရှောင်ကြတယ်၊ ဒါပေမဲ့ တချို့လူတွေကျတော့ ဘယ်လိုမှ မရှောင်ကြတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေတော့မယ်၊ ကံမကောင်းလို့ ထိရင်တော့ သေပေါ့၊ အဲလိုမျိုးစိတ်တွေနဲ့ နေတဲ့လူတွေ ရှိတယ်ပေါ့” လို့ ပြောပါတယ်။
ကျောက်တော်မြို့တွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတယောက်ကလည်း ထိခိုက်ဒဏ်ရာ ရရှိသူတွေမှာ အခြေခံလက်လုပ်လက်စားသမားတွေများပြီး ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှု မြောက်တဲ့အတွက် နိုင်ငံတကာအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။
ကျောက်တော်မြို့တွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတယောက်က “ဒဏ်ရာရတဲ့သူတွေ အများစုကတော့ လက်လုပ်လက်စားတွေပေါ့ဗျာ။ ကုန်ထမ်းစားကြတယ်၊ ဘေးတွဲမောင်းကြတယ်၊ အဲလိုလူတွေ များပါတယ်။ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးထားတဲ့အတွက်နဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ထိခိုက်နေတာတွေ ရှိပါတယ်။ အဲဒီထဲမှာမှ ဒီ ငွေရေးကြေးရေး ချို့တဲ့သူတွေ အများစု ပါဝင်နေပါတယ်။ ဒါကြောင့်လည်း သူတို့တွေမှာ အဓိက အခက်အခဲက ငွေရေးကြေးရေးပါပဲ။ ဒီလိုကိစ္စမျိုးကို နိုင်ငံတကာအနေနဲ့ တွေ့မြင်ပြီးတော့ ဒီ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
အခုလို အစုအပြုံလိုက် သေဆုံးမှုဖြစ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို ထိရောက်တဲ့ လက်တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ အာရက္ခတပ်တော် (AA) ကလည်း စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန် ပြောဆိုထားပါတယ်။
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချထားသလို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပေးပို့ကြဖို့ တောင်းခံထားပါတယ်။
ကေခိုင်










