
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Shwe Nyar Myae People Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ZPK က “ဒီကောင်တွေ စီးလာတဲ့ Mark 2 ကားက ရှောင်လမ်းကို အရှေ့ဘက်ကနေ မောင်းလာတာ၊ သီတာလမ်းဂိတ် မရောက်ခင်လေးမှာပဲ အနီးကပ် ပစ်ခဲ့တာပါ။ ကားပေါ်ပါလာတဲ့ ၅ ယောက်ထဲက ၄ ယောက် သေတယ်။ ၁ ယောက်ကတော့ ဒဏ်ရာရတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပခုက္ကူအခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း ရွှေညာမြေ PDF တာဝန်ခံက ပြောပါတယ်။
“အဲဒီကားက ကင်းပတ်တာလို့ သိရသလို KTV က ပြန်ထွက်လာတာလို့လည်း သိရပါတယ်။ ပစ်ခတ်ချိန်ကတော့ ၅ မိနစ်လောက်ပဲ ကြာမယ်ဗျ။ ၄ ယောက်က သေတယ်။ သူတို့ဘက်က ပြန်ပြီးမပစ်နိုင်တဲ့ အခြေအနေပါ။ မသေဘဲ ဒဏ်ရာပဲရတဲ့သူက ယာဥ်မောင်းဖြစ်နေတော့ သူတို့အဖွဲ့တွေရှိတဲ့ သီတာလမ်းထိပ်မှာရှိတဲ့ ဂိတ်အထိ ဆက်ပြီးမောင်းပြေးသွားတာ။ ဒါပေမဲ့ ကားက လမ်းဘေးထိုးကျသွားလို့ ညတွင်းချင်း ကရိန်းနဲ့ဆွဲတင်သွားတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာကို တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကား ၅ စီးနဲ့ ရောက်ရှိလာကြပြီး သေနတ်တွေပစ်ဖောက်ကာ ပခုက္ကူမြို့ပေါ်ကို လှည့်ပတ်နေပေမဲ့ တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Shwe Nyar Myae People Defence Force နဲ့အတူ မြိုင် ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၄ တို့ အတူပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးတဲ့အပြင် DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။











