
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားရွာနဲ့ နတ်ကြီးရွာကို စစ်တပ်က ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီခွဲကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားလို့ ၁၁ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်လှေကားရွာကို ည ၈ နာရီခွဲကျော်နဲ့ နတ်ကြီးရွာကို ၈ နာရီ ၄၅ မိနစ်က ဗုံးကြဲပစ်ခတ် တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။
ကနီမြို့နယ်၊ ကျောက်လှေကားဒေသခံတယောက်က “မနေ့ညတုန်းက ရွာရဲ့ မြောက်ဘက် ရေခတ်လမ်းဘေးကို ချသွားတယ်။ ချတဲ့အလုံးအရေအတွက်က ၄ လုံးချသွားတယ်။ ပြည်သူ ၄ ဦး နေရာတင် သေဆုံးတယ်။ ဆေးရုံသွားရင်း တဦးလည်း ထပ်မံသေဆုံးတယ်ဗျ။ စုစုပေါင်း သေဆုံးသူက ၅ ယောက်ပါဗျ။ ဒဏ်ရာရပြည်သူက ၁၂ ဦးလောက်ရှိတယ်ဗျ။ လူနေအိမ် ၂ လုံး ပျက်စီးတယ်” လို့ DVB ကို ပြောပါတယ်။
သေဆုံးသူ ၅ ယောက်မှာ ကိုကျော်နိုင်လင်း အသက် ၃၀ နှစ်၊ မရွှေဇင်ဝင်း အသက် ၁၉ နှစ်၊ မနိုးနိုး အသက် ၁၄ နှစ်၊ မောင်ငချစ် အသက် ၁၁ နှစ်၊ ဒေါ်ပြုံး အသက် ၄၅ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်လှေကားဒေသခံ ပကဖ ခေါင်းဆောင်က “ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ည ၈ နာရီကျော်က လာပစ်သွားတာ။ ကျနော့်မိန်းမနဲ့ ကလေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်။ ကိုကျော်နိုင်လင်းနဲ့ သူ့သမီး ၂ ဦးလည်း နေရာတင် သေဆုံးတယ်။ အပျိုကြီးဒေါ်ပြုံးလည်း သေဆုံးတယ်။ ငချစ်ဆိုတဲ့ ကလေးလည်း သေဆုံးတယ်ဗျ။ ဒေါ်ပြုံးအိမ်ဆိုရင် လူပါသေဆုံးပြီး အိမ်ကိုပါမီးလောင်တယ်” လို့ ပြောပါတယ်။
ကျောက်လှေကားကျေးရွာဟာ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အစပ်က ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလားတူ ည ၈ နာရီ ၄၅ မိနစ်ကျော်ကလည်း အဆိုပါ ကျောက်လှေကားကျေးရွာကို ပစ်ခတ်ခဲ့တဲ့ လေယာဉ်ဟာ နတ်ကြီးရွာကိုလည်း ထပ်မံပစ်ခတ် ဗုံးကြဲချခဲ့သေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နတ်ကြီးဒေသခံ ရွာသားတယောက်က “လူတွေကတော့ ရွာထဲကနေ အကုန်ထွက်ပြေးချိန်ရလို့ နတ်ကြီးကတော့ လူထိခိုက်မှု မရှိခဲ့ဘူး။ ရွာတောင်ပိုင်း မရမ်းခြံထဲက ဒေါ်သန်းသန်းဆင့် အိမ်တလုံးကတော့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
နတ်ကြီးကျေးရွာကို စစ်တပ်က ဒီဇင်ဘာ ၃ ရက် ညပိုင်းကလည်း အခုလို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။