DVB Logo
Home
မြန်မာသတင်း
နပခ ကို အမ်း-ပဒါန်းလမ်းမှ စစ်ကူပို့၊ ရခိုင်ရိုးမတွင် တိုက်ပွဲများ ဖြစ်ပွား
DVB
·
December 16, 2024
နပခ ကို အမ်း-ပဒါန်းလမ်းမှ စစ်ကူပို့၊ ရခိုင်ရိုးမတွင် တိုက်ပွဲများ ဖြစ်ပွား
Donate to DVB

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ကျလုစဲစဲဖြစ်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နဲ့ မကွေးတိုင်းထဲ စစ်မီးမကူးစေဖို့ စစ်ကောင်စီတပ်က အမ်း- ပဒါန်း- မင်းဘူးလမ်းကနေ တဆင့် စစ်ကူ တပ်ကူတွေ ပို့နေတာကြောင့် ရခိုင်ရိုးမပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်တဲ့ အမ်းမြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ နောက်ဆုံးပတ်မှာ စတင်တယ်လို့ ယူဆရပေမဲ့ ရခိုင်နဲ့ မကွေးကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းကားလမ်းကို AA ကပိတ်ထားတာ ၈ လကျော်လာပါပြီ။

ဒီဇင်ဘာလထဲမှာတော့ AA က အမ်းမြို့ကိုသိမ်းပိုက်လိုက်ပြီး နပခ လည်း ကျလုစဲစဲဖြစ်နေချိန်မှာ စစ်တပ်က အမ်း-ပဒါန်းလမ်းကနေ ထိုးစစ်ဆင်လို့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေကြောင်း အဲဒီလမ်းပေါ်ကရွာတခုမှာနေတဲ့ ဒေသခံ အမျိုးသမီးတယောက်က  DVB ကို ပြောပါတယ်။

“နတ်ရေကန်တောင်ဘက် တောက်လျှောက်ဖြစ်တာ၊ သူတို့တက်တဲ့ အချိန်လည်း လမ်းဘေးတွေ ချုံပုတ်တွေဘာတွေမြင်တာ အကုန်လှမ်းပစ်ပြီးတော့မှ ထွက်သွားတာ။ သွားတဲ့အချိန်တော့ ရွာတွေ ဘာတွေမှာ မနေရဲဘူး။ အကုန်လုံးရမ်းသန်း ပစ်ခတ်ပြီးသွားတာ။ သူတို့အမြဲတမ်းပဲ ဖြည့်နေတာပဲ အင်အားတွေအများကြီးပဲ၊ အဲဒီမှာ ဟို ကားတွေကတော့ သွားနေတာတွေ့တယ်၊ နေ့တိုင်းလိုလိုပါပဲ။ နေ့တိုင်းမဟုတ်ရင်တောင် ၂ ရက်ခြား၊ ၁ ရက်ခြား အဲလို သွားတယ။” 

ဒါကြောင့်ပဲ အဲဒီလမ်းပေါ်မှာ ဒေသခံထောင်နဲ့ချီပိတ်မိခဲ့ပြီး ကားလမ်းကို သုံးမရတာကြောင့် တောလမ်းတွေကနေ ပဒါန်းဘက်ကို ထွက်ပြေးနေကြရပါတယ်။

ဂုတ်ကြီး၊ နတ်ရေကန်၊ ကမြင်းကန်ဂိတ်တွေမှာ စစ်တပ်က ထိုင်ထားပြီး အခုနောက်ပိုင်းမှာတော့ တရုတ်ဓာတ်အားခွဲစက်ရုံနဲ့ ဆင်ခုံတိုင်ရွာနားအထိ နေရာယူထားတယ်လို့ တခြားဒေသခံကလည်း ပြောပါတယ်။

စစ်ကူကားတွေကို မကွေးဘက်အခြမ်းကနေ ချုံခိုတိုက်ခိုက်နေတဲ့ CDF-Asho ပြောခွင့်ရသူ ဆလိုင်းရိုးချင်းကတော့ အမ်း-ပဒါန်းလမ်းကိုစိုးမိုးနိုင်ဖို့ အတော်လေးရင်ဆိုင်ရဦးမယ်လို့ ဆိုပါတယ်။

“ထိုးစစ်ဆင်တိုက်ခိုက်တဲ့နေရာမှာကျတော့လေ တချို့ဒေသတွေ မကွေးတိုင်းထဲမှာပဲ တောင်ပေါ်ဒေသ ကျေးရွာတွေရှိသလို မြေပြန့်ဒေသဘက်ကရွာတွေလည်း ရှိတယ်ဆိုတော့၊ ပြီးတော့ နောက်တခု တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေလည်းဖြတ်သွားတဲ့ ပိုက်လိုင်းလမ်းတွေလည်း ရှိတယ်ဆိုတော့၊ ပြီးတော့ အမ်း-ပဒါန်းလမ်းမကြောပေါ်မှာပဲ နတ်ရေကန်ဆိုတဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်၊ နိုင်ငံတကာလေကြောင်းရန် ကာကွယ်ရေး တပ်ကြီးကလည်း ရှိတယ်ဆိုတော့ အဲလို အရာတွေတော့ ကျနော်တို့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်ဗျ။”

နပခ ကို ဦးစီးနေတဲ့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကို AA က အသေဖမ်းမိခဲ့ကြောင်း ရခိုင်သတင်းဌာနတခုကလည်း သတင်းထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၁၄ ရက်မှာ နပခ နဲ့ ၁၀ မိုင်အကွာက ပတ်ကွေ့နားမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပေမဲ့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နတ်ရေကန်နားမှာ စစ်တပ်က ဗျူဟာဌာနချုပ်အသစ် ပြန်ဖွဲ့နေကြောင်းသတင်းထွက်နေပြီး အမ်း-ပဒါန်းလမ်းကိုသာ တော်လှန်ရေးတပ်တွေကစိုးမိုးနိုင်ရင် ဧရာဝတီအနောက်ခြမ်းနဲ့ ကပစ စက်ရုံတွေအတွက် အန္တရာယ်ရှိလာမှာ ဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က “အမ်း-ပဒါန်းလမ်းကြောင်း ပေါက်သွားလို့ရှိရင် စစ်ကောင်စီရဲ့ လက်နက်တိုက်ကို ကျနော်တို့ ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ အနေအထားမျိုး ဖြစ်နိုင်တဲ့အတွက် ဗမာပြည်ရဲ့တခုလုံး စစ်ရေးအနေအထားကလည်း ခေါက်ရိုးကျိုးသွားနိုင်တယ်။ အချိုးအစားတခု ပြောင်းသွားနိုင်တဲ့ အနေအထားရှိတယ်။ အဲတာကြောင့် အမ်း-ပဒါန်းလမ်းကြောင်းကိုတော့ အသေအလဲ ခုခံ ကာကွယ်လိမ့်မယ်လို့ ယူဆပါတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကိစ္စတွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို DVB က မေးမြန်းနေပေမဲ့ ဒီဇင်ဘာ ၁၆ ရက်အထိ ဖြေဆိုတာမရှိသေးပါဘူး။

အမ်းမြို့နယ်ဟာ တရုတ်စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ နယ်မြေဖြစ်သလို ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေရဲ့ ကုန်းလမ်းထွက်ပေါက်လည်း ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013