DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး
DVB
·
December 16, 2024
ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ရေလာကြီးကျေးရွာနဲ့ ဝါးကျွင်းတွင်းကျေးရွာက လူနေအိမ်တွေကို ဒီဇင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေက ရေလာလေးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကြောင်းထိုးဝင်လာတာလို့ ဒေသခံက ပြောပါတယ်။

“ရေလာကြီးနဲ့ ရေလာလေးက ကပ်နေတာဗျ။ ရေလာလေးက သူတို့စခန်းကို တိုက်ခိုက်ခံရပြီး နောက်တရက်ကျော်မှာ စစ်တပ်က ရေလာကြီးနဲ့ ပတ်ချာလည်ကရွာတွေကို စစ်ကြောင်းထိုးလာခဲ့တာပါ။ ရေလာကြီးနဲ့ ဝါးကျွင်းတွင်းရွာတွေက အိမ်တွေကတော့ မီးရှို့ခံရတာများတယ်။”

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ရေလာကြီးကျေးရွာနဲ့ ဝါးကျွင်းတွင်းကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားကြသလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ဖောင်ချောင်း၊ ဖောင်းခွဲ၊ ထန်းတပင်၊ ပြည့်အိုင်ကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။

ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးထွဋ်က “အဲဒီနေ့က ရေလာကြီးရွာကို နေ့လယ် ၁ နာရီလောက်မှာ မီးရှို့တယ်။ ညနေ ၄ နာရီလောက်မှာတော့ ဝါးကျွင်းတွင်းရွာကို ထပ်ပြီး မီးရှို့သွားကြတာပါ။ အခု အဲဒီစစ်ကြောင်းက တွင်းမပျူရွာဘက်ကို သွားနေတယ်လို့ သိရတယ်ဗျ။ ဒါပေမဲ့လည်း အဲဒီစစ်ကြောင်းက စိတ်မချရသေးလို့ ပြည်သူတွေက သူတို့ရွာတွေထဲကို ပြန်မဝင်ကြသေးဘူး။ စစ်ကြောင်းအခြေအနေ စိတ်မချရသေးတာကြောင့် မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ကိုလည်း လိုက်လံစာရင်းပြုစုလို့ မရသေးလို့ အတည်မပြုနိုင်ဘူး ဖြစ်နေပါတယ်။ ခန့်မှန်းခြေအရကတော့ တော်တော်များများ အရှို့ခံရတယ်လို့ သိရတယ်ပေါ့နော်။ မနေ့ကမှ ကျနော်တို့တွေ စစ်ဘေးရှောင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်ကလည်း ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဖောင်ချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေ ရှိသလို စစ်ဘေးရှောင် ပြည်သူ ၅၅၀ နီးပါးဟာ ပခုက္ကူမြို့နယ်နဲ့ ထိစပ်နေတဲ့ မြိုင်နယ်ထဲအထိ စစ်ရှောင်နေကြရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အပါအဝင် အင်အား ၁၅၀ နီးပါး ပါဝင်တယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013