
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လယ်ကောင်မှာ စက်ဘီးစီး ဆန်တာကလော့စ် အယောက် ၁,၂၀၀ လောက် ဒီဇင်ဘာ ၁၄ ရက်က စုဝေးခဲ့ကြပြီး၊ ကလေးသူငယ်အရေး ရန်ပုံငွေရှာတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ဆန်တာဝတ်စုံအနီရောင်တွေ ဝတ်ဆင်ထားကြသူတွေနဲ့ မျက်နှာကို အစိမ်းရောင်ဆိုးထားတဲ့ နတ်သူငယ်လေးတွေအဖြစ် ဝတ်စားထားသူတွေဟာ ဘာကင်ဟမ်နန်းတော်ဆီ ဦးတည်တဲ့ Pall Mall လမ်းတလျှောက် စက်ဘီးစီးရင်း အလှူငွေကောက်ခံခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို BMX စက်ဘီးစီးဝါသနာရှင် စတီဖင်ရိုက်က ဦးဆောင်စတင်ခဲ့တာ ဖြစ်ပြီး၊ သူ့သားငယ် ၆ လသားအရွယ်မှာ နှလုံးရောဂါဖြစ်ပြီး ဆေးရုံတက်ရစဉ်က Echo ကျန်းမာရေးအဖွဲ့က ကူညီပေးခဲ့လို့ အခုလို စီစဉ်ဖို့ အကြံရခဲ့တာပါ။
ဒီနှစ်ဟာ နှစ်ပတ်လည် ဆန်တာစက်ဘီးစီးပွဲ ၁၀ နှစ်ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ခရစ္စမတ်မတိုင်ခင် အလုပ်အရှုပ်ဆုံးရက်တွေထဲက တရက်ဖြစ်တဲ့ လန်ဒန်မြို့ရဲ့ အောက်စဖို့ဒ်လမ်းမှာ စက်ဘီးစီး ဆန်တာကလော့စ်တွေဟာ တက္ကစီနဲ့ ဘတ်စ်ကားတွေကြားက ဖြတ်သန်းသွားလာရင်း ခရစ္စမတ်ဈေးဝယ်သူတွေကြားမှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ကြရပါတယ်။
Source: Reuters











