
Mango ဖက်ရှင်အင်ပါယာရဲ့ တည်ထောင်သူနဲ့ပိုင်ရှင်ဖြစ်သူ အိုက်ဆက် အန်းဒစ် ဟာ စနေနေ့က တောင်တက်နေတုန်းမှဦ မတော်တဆဖြစ်ပြီး ကွယ်လွန်သွားပါတယ်။
အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ အန်းဒစ်ဟာ မိသားစုဝင်တွေနဲ့အတူ ဘာစီလိုနာမြို့အနီးက မွန့်ဆီးရက် ဂူတွေမှာ Hiking သွားလုပ်ချိန်မှာ မတော်တဆဖြစ်ခဲ့တာပါ။
သူဟာ ခြေချော်ပြီး ပေ ၁၀၀ ကျော် အမြင့်ကမ်းပါးကနေ ပြုတ်ကျတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ မွေးဖွားခဲ့တဲ့ အန်းဒစ် ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ မိသားစုနဲ့အတူ စပိန်နိုင်ငံ ကက်တလိုးနီးယားဒေသကို ပြောင်းရွှေ့လာခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ Mango ကို တည်ထောင်ခဲ့ပါတယ်။
ဖော့ဘ်စ် မဂ္ဂဇင်းရဲ့တွက်ချက်မှုအရ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ရှိပါတယ်။
သူ ကွယ်လွန်ချိန်မှာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်မဟုတ်တဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေခဲ့ပါတယ်။
အန်းဒစ်ဟာ Zara ဘရန်းထုတ်တဲ့ ကမ္ဘာ့အကြီးဆုံး Fast Fashion လုပ်ငန်းဖြစ်တဲ့ Inditex ရဲ့ ပိုင်ရှင် အမန်စီယို အော်တေးဂါးရဲ့ ပြိုင်ဘက်တယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Mango ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ ယူရို ၃ ဒသမ ၁ ဘီလီယံ ဝင်ငွေရရှိခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရဲ့ ၃၃ ရာခိုင်နှုန်းဟာ အွန်လိုင်းကနေ လည်ပတ်နေတာဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်မှာ လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။
Source: Reuters











