
အမေရိကန် ABC သတင်းဌာနဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အသရေဖျက်မှုအတွက် ဒေါ်လာသန်း ၁၅ ပေးလျော်ဖို့ သဘောတူလိုက်ပြီး သူတို့ရဲ့ နာမည်ကြီး သတင်းကြေညာသူက ထရမ့်ပ်ဟာ ‘မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတယ်’လို့ မှားယွင်းပြောဆိုခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
သတင်းတင်ဆက်သူ ဂျော့ချ် စတက်ဖာနိုပူးလော့စ်က ဒီနှစ် မတ် ၁၀ ရက်နေ့က ထရမ့်ပ်ကို ထောက်ခံနေတဲ့ ကွန်ဂရက်အမတ်တယောက်နဲ့ အင်တာဗျူးလုပ်နေတုန်း အဲဒီစကားကို အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမှုတမှုမှာ ဂျူရီအဖွဲ့က ထရမ့်ပ်ဟာ နယူးယောက်ပြည်နယ်ဥပဒေအရ သတ်မှတ်ထားတဲ့ ‘လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု(sexual abuse)’ ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
စနေနေ့က သဘောတူညီချက်အရ ABC ဟာ စတက်ဖာနိုပူးလော့စ် ရဲ့ မှားယွင်းတဲ့ ထုတ်ပြန်ချက်တွေအတွက် ‘နောင်တရကြောင်း’ ထုတ်ပြန်ချက် တစောင်လည်း ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။
သဘောတူညီချက်အရ ABC သတင်းဌာနဟာ ထရမ့်ပ်ရဲ့ တရားစရိတ် ဒေါ်လာ ၁ သန်းပေးရမှာ ဖြစ်ပြီး၊ ဒေါ်လာသန်း ၁၅ ကိုတော့ သမ္မတအစဉ်အဆက်လုပ်လေ့ရှိသလို ထရမ့်ပ်အတွက် ဖွင့်လှစ်မယ့် သမ္မတဖောင်ဒေးရှင်းနဲ့ ပြတိုက်အတွက် လှူဒါန်းရမှာ ဖြစ်ပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့နှစ်က အီးဂျင်းကာရိုးလ် ဆိုသူ အမျိုးသမီးကို ထရမ့်ပ်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကျူးလွန်ခဲ့တယ်လို့ နယူးယောက်တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အမှုနဲ့ ဆက်စပ်နေပါတယ်။
တရားသူကြီးက ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ထရမ့်ပ်က ကာရိုးလ်ကို ‘နယူးယောက်ပြည်နယ် ပြစ်မှုဆိုင်ရာဥပဒေအရ သတ်မှတ်ထားတဲ့ကျဉ်းမြောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မုဒိမ်းကျင့်ခဲ့တယ်’ ဆိုတာကို သက်သေမပြနိုင်ခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ နယူးယောက်ပြစ်မှုဆိုင်ရာဥပဒေမှာ မုဒိမ်းမှုဖွင့်ဆိုချက်ဟာ ပုံမှန်အားဖြင့် ပြဋ္ဌာန်းဥပဒေတွေ၊ အဘိဓာန်တွေမှာတွေ့ရတဲ့ ဖွင့်ဆိုချက်တွေနဲ့ယှဉ်ရင် အင်မတန်ကျဉ်းမြောင်းစွာ ဖွင့်ဆိုထားတာတွေ့ရတယ်လို့ တရားသူကြီးက မှတ်ချက်ပေးပါတယ်။
Source: Reuters