
အီကွေဒေါနိုင်ငံရှိ ရာဇ၀တ်ဂိုဏ်းတွေဟာ နိုင်ငံပိုင်ရေနံကုမ္ပဏီဖြစ်တဲ့ ပက်ထရို-အီကွေဒေါ ဆီကနေ လောင်စာဆီတွေ ခိုးယူမှု ပိုများလာနေကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပြီး တနေ့ကို ရေနံတင်ထရပ်ကား ၃ စီး စာလောက် ခိုးယူခံနေရတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တလျှောက်လုံး လောင်စာဆီ ခိုးယူမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၂၁၅ ဒသမ ၁ သန်း အထိ ရှိလာကြောင်း အစီရင်ခံ တင်ပြခဲ့ပါတယ်။
ပက်ထရို-အီကွေဒေါ ကုမ္ပဏီက နိုင်ငံဝင်ငွေအတွက် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ပံ့ပိုးနေချိန်မှာပဲ လောင်စာခိုးယူမှုဟာ မူးယစ်မှောင်ခိုမှုကို အားပေးကူညီမှုနဲ့ ပြည်သူ့ဘဏ္ဍာတွေအပေါ် သက်ရောက်လာမှုကြောင့် စိုးရိမ်မှုတွေ တိုးလာနေတာပါ။
အမျိုးသားရဲတပ်ဖွဲ့ရဲ့ ဟိုက်ဒြိုကာဗွန် ရာဇ၀တ်မှုဆိုင်ရာအဖွဲ့ရဲ့ အကြီးအကဲ ဟူးဂိုးအာမိုရေ့စ်ရဲ့ ပြောကြားချက်အရ အဲဒီရာဇ၀တ်မှုတွေဟာ တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေပြီး၊ အထူးသဖြင့် ဆူကွန်မ်ဘီယိုစ်၊ အက်စ်မယ်ရာလ်ဒါနဲ့ ကာချိစတဲ့ မြောက်ပိုင်းနယ်စပ်ပြည်နယ်တွေမှာ ခိုးယူမှုများတယ်လို့ ဆိုပါတယ်။
အဲဒီပြည်နယ်တွေမှာ ခိုးယူခံရတဲ့ ဟိုက်ဒရိုကာဗွန်တွေကို မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အဓိက ထည့်ဝင် အသုံးပြုကြတာလို့လည်း ဆိုပါတယ်။
အာမိုရေ့စ်ရဲ့ ခန့်မှန်းချက်အရ တနေ့ကို လောင်စာဆီဂါလန် ၃၀၀၀၀ လောက် ခိုးယူခံနေရပြီး အဲဒီပမာဏဟာ တနေ့ ရေနံတင်ထရပ်ကား ၃ စီးစာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ လောင်စာဆီတွေကို တရားမဝင် ခိုးယူပြီး မှောင်ခိုရောင်းဝယ်မှုတွေမှာ ရာဇဝတ်ဂိုဏ်းတွေနဲ့ စနစ်တကျ ဆက်နွှယ်မှု ရှိနေကြောင်း တွေ့နေရတယ်လို့လည်း ဆိုပါတယ်။
“တကယ်လို့သာ တင်းကျပ်တဲ့ ဥပဒေသာ မရှိဘူးဆိုရင် အမျိုးသားရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့က လုပ်နေတဲ့ အလုပ်တွေကို မထီမဲ့မြင် ပြုနေတာပါပဲ” လို့ အာမိုရေ့စ်က ပြောကြားလိုက်ပြီး တရားဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ တုံ့ပြန်မှုက ထိရောက်မှု မရှိဘူးလို့လည်း ဆိုလိုက်ပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း အီကွေဒေါနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှုတွေကို ပိုပြီး ရင်ဆိုင်နေရတာပါ။
တချိန်က လက်တင်အမေရိကရဲ့ အလုံခြုံဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ အက်ကွေဒေါ နိုင်ငံဟာ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ လူသတ်မှု သိသိသာသာ တိုးလာကြောင်း အီကွေဒေါ ရာဇဝတ်ဂိုဏ်းများ စောင့်ကြည့်ရေးဌာန အဆိုအရ သိရပါတယ်။
Source: Reuters