DVB Logo
Home
မြန်မာသတင်း
မိုးဗြဲမြို့အနီး စစ်ကောင်စီတပ်က ဒရုန်းဖြင့် အဆိပ်ငွေ့ပြားများ ကြဲချတိုက်ခိုက်
DVB
·
December 13, 2024
မိုးဗြဲမြို့အနီး စစ်ကောင်စီတပ်က ဒရုန်းဖြင့် အဆိပ်ငွေ့ပြားများ ကြဲချတိုက်ခိုက်
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲရာမှာ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုလာနေပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)  ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်က မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ ခမရ ၄၂၂ တပ်က မိုးဗြဲမြို့နဲ့ ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ အက်စ်ဖော့စ် ၅၆၀ တံဆိပ်ပါ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိပ်ငွေ့ပြားတွေကို တပါတည်းထည့်သွင်းအသုံးပြုထားပြီး ဗုံးသီးကျရောက်ရာ အနီးဝန်ကျင်မှာ မီးခိုးအများအပြားထွက်လာသလို ရှူရှိုက်မိတဲ့ ရဲဘော်တချို့လည်း မူးဝေတာ၊ ခေါင်းမူးတာ၊ အော့အန်ချင်တာ၊ အိပ်ချင်လာတာ၊ ခန္တာကိုယ်မလန်းဆန်းတာ၊ အားပြတ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပေမဲ့ အဲဒီဝေဒနာတွေခံစားရလို့ ဗုံးသီးကျရောက်ခဲ့တဲ့နေရာကို စစ်ဆေးခဲ့ရာမှာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားပြီး ပတ်ဝန်းကျင်မှာ ဒရုန်းတွေပျံဝဲတာ၊ တိုက်ခိုက်ခံရတဲ့နေရာတွေမှာရှိနေရင် စူးစမ်းတာမျိုးမလုပ်ဘဲ လုံခြုံတဲ့နေရာတွေမှာ ပုန်းခိုရှောင်ရှားကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ကြိုကြားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အက်စ်ဖော့စ် ၅၆၀ ဆိုတာ ပြင်းထန်တဲ့အဆိပ်ငွေ့ မှိုင်းတိုက်ပိုးသတ်ဆေးတမျိုးဖြစ်ပြီး သီးနှံတွေ သိုလှောင်ရာမှာသုံးတဲ့ ဆေးဖြစ်သလို ဆန်နဲ့ ငါးခြောက်တို့ သိုလှောင်ရာမှာလည်း သုံးလေ့ရှိကြပါတယ်။

အရောင်နဲ့အနံ့ မရှိဘဲ လေ၊ အစိုဓာတ်တို့နဲ့ထိတွေ့ရင် အဆိပ်ငွေ့ထုတ်ပေးတယ်လို့ ဆေးအညွှန်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်တဲ့အခါ ဓာတုဗုံးလို့ ယူဆရတဲ့ သာမာန်မဟုတ်တဲ့ဗုံးတွေကို သုံးစွဲနေတယ်လို့ DVB က စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေ အရ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သုံးစွဲလာတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ လေကြောင်းကနေ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာပြီး ဓာတုဗုံးသုံးတယ်ဆိုတဲ့ သတင်းတွေလည်း ပိုပြီး ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉ ရက်ကနေ ၂၁ ရက်အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေပါ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းနေရာတချို့ကို စွန့်ခွာလိုက်ရပြီး ဒါက သမားရိုးကျစစ်ပွဲ မဟုတ်တော့ဘူးလို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

“ရဲဘော်တွေက ပစ္စည်းအစုံအလင် မရှိဘူး။ ရန်သူကို ခုခံဖို့က တော်ရုံမလွယ်တော့ဘူး။ အဲဒီမှာ အဆိပ်ငွေ့ ရှူရှိုက်လိုက်မိတဲ့အခါမှာတော့ မူးဝေအော့အန်တယ်။ အားမရှိသလို ဖြစ်တဲ့အခါ ကျတော့ ရန်သူကို ဆက်ပြီး ခုခံတော်လှန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်တော့ဘူး။ ဒါက သမားရိုးကျစစ်ပွဲ မဟုတ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့ တချို့နေရာတော်တော်များများ စွန့်ခွာလိုက်ရတယ်” လို့ DVB ကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်ဟာ လောက်ကိုင်ဒေသ၊ တာရွှေထန်ကို အဆိပ်သင့်ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၁၀ ယောက် အဆိပ်သင့်ပြီး ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗုံးက အငွေ့ကို ရှူပြီးနောက်မှာ မူးဝေတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူကြပ်တာ၊ ဝမ်းလျှောတာ၊ အန်တာတွေဖြစ်ပြီး နားထဲက သွေးထွက်သူရှိသလို အမျိုးသမီး တယောက်ကတော့ ဖြစ်ကာစ သတိရှိနေတုန်းမှာ ခြေတွေလက်တွေ မသယ်နိုင်တော့ဘဲ အားယူထကြည့်ပေမဲ့ ပစ်လဲသွားတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ သိန္နီမြို့နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်တို့မှာ ဓာတုဗုံးနဲ့ တိုက်ခိုက်တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေး တပ်တွေက ပြောဆိုထားသလို ချင်းပြည်နယ်မှာလည်း ဓာတုဗုံး အသုံးပြုခဲ့တယ်လို့ ချင်းပြည် ကာကွယ်ရေးတပ် တာဝန်ရှိသူတွေက ဆိုပါတယ်။

စစ်ကောင်စီက အဆိပ်ဓာတုဗုံးတွေ သုံးစွဲနေတယ်လို့ ထိခိုက်တဲ့ လက္ခဏာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့‌ တော်တော်များများက ထုတ်ပြန်ပြောဆိုထားပေမဲ့ အခုအချိန်အထိတော့ ဘယ်လိုအမျိုးအစား ဖြစ်တယ်ဆိုတာ အတည်ပြုလို့ မရသေးပါဘူး။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေ တိုက်ခိုက်ခဲ့သလို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် လားရှိုးမြို့နယ်ထဲက မိုင်းကျပ်တပ်စခန်း၊ နိုဝင်ဘာ ၁၈ ရက်မှာ နမ့်ခမ်းမြို့က စခန်းသစ်ကုန်း၊ နိုဝင်ဘာ ၂၃ ရက်မှာတော့ သိန္နီမြို့နယ်က နမ့်စလပ် တောင်ကုန်းတို့မှာ စစ်တပ်က ဓာတုဗုံးလို့ယူဆရတဲ့လက်နက်တွေ အသုံးပြုခဲ့ကြောင်း ‌AA၊ TNLA နဲ့ MNDA‌ တို့က ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်က လူနေရပ်ကွက်ထဲကို စစ်ကောင်စီတပ်က ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

အဲဒီဗုံးကျရောက်ပြီးနောက် ၅ ရက်ကြာတဲ့အထိ ဗုံးစတွေကနေ အခိုးငွေ့တွေထွက်နေပြီး မီးခိုးထိတဲ့ သစ်ပင်ရဲ့အရွက်တွေဟာ ‌ခြောက်သွေ့ကုန်သလို မီးခိုးနံ့ကို ရှူမိတဲ့သူဟာလည်း လည်ချောင်း ယားယံတာ မူးဝေတာတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ပြောရေးဆိုခွင့်ရှိသူ မဂျူလီယာကတော့ စစ်ကောင်စီဟာ ဓာတုဗုံးသုံးတယ်လို့ သတင်းထွက်တာ ၁၄ ကြိမ်ရှိပြီး ဆင့်ကွဲပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေကိုလည်း ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသကတိုက်ပွဲတွေမှာ ၁၂ ကြိမ်ထက်မနည်း အသုံးပြုခဲ့တယ်လို့  ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013