
မြန်မာ၊ ဟောင်ကောင်နဲ့ တခြားအာရှဒေသတွင်းနေရာတွေကနေ ထွက်ပြေး တိမ်းရှောင်လာကြရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ဂျပန်နိုင်ငံတက္ကသိုလ်တခု ဖြစ်တဲ့ ဟီတိုဆူဘာရှီ တက္ကသိုလ်က လာမယ့်နှစ်ကနေ စတင်ပြီးတော့ အကူအညီတွေ ပေးအပ်သွားဖို့ ရှိနေတယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။
အန္တရာယ်ရှိ ဒီမိုကရေစီထောက်ခံသူများ (DAR) အမည်ရတဲ့ ဒီအစီအစဉ်ကိုတော့ တတ်သိပညာရှင်တွေနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်းက ဒီမိုကရေစီလိုလားသူတွေ စုစည်းထားတဲ့ Sunnylands Initiative က ကျောထောက်နောက်ခံပြုထားပြီး နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ သုတေသီတွေနဲ့ သူတို့ရဲ့ မိခင်နိုင်ငံတွေမှာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင် နေကြရသူတွေကို ဦးတည်ထားတယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေ၊ ဒါမှမဟုတ် သုတေသီတွေအနေနဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တခြား တက္ကသိုလ်တွေမှာ အချိန် တနှစ်ကနေ ၂ နှစ်အထိ လက်ခံခွင့်ပြုသွားမယ့် ဒီအစီအစဉ် ကို လျှောက်ထားသူတွေအတွက် ဟီတိုဆူဘာရှီ တက္ကသိုလ်က DAR ရဲ့ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်ဟာ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတွေဆီက ပံ့ပိုးကူညီမှုတွေကို အသုံးပြုပြီးတော့ လူနေမှုစရိတ်တွေအတွက်လည်း အကျုံးဝင်မယ်လို့ သိရပါ တယ်။
တကယ်လို့ ကနဦးကာလပြီးနောက် ပံ့ပိုးမှုလိုအပ်ပါကလည်း တက်ကြွလှုပ်ရှားသူတွေအနေနဲ့ တခြားအိမ်ရှင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး DAR အနေနဲ့ တနှစ်ကို လူ ၁၀ ဦးလောက် ကူညီပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဟီတိုဆူဘာရှီ တက္ကသိုလ်၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုသုတေသနဌာနမှ ပါမောက္ခ မိုက်ကို အီချိဟာရာက အာရှဒေသတွင်းက တက္ကသိုလ်တွေနဲ့ တခြားအဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေကို ဒီလိုကူညီပံ့ပိုးပေးတာက သံတမန်ရေးရာ ပြဿနာတွေ ဖန် တီးနိုင်တာတွေကို သတိထားနေကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အာရှဒေသတွင်းမှာ အဲဒီလို တက်ကြွလှုပ်ရှားသူတွေကို အဖွဲ့အစည်းဆိုင်ရာ ပံ့ ပိုးကူညီမှု လုံးဝမရှိတာတွေကြောင့် အများအပြားဟာ အမေရိကန်၊ ဒါမှမဟုတ် ဥရောပ နိုင်ငံတွေဆီ ထွက်ပြေးဖို့ ရွေးချယ်ကြတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့အချိန်ကွာခြားမှုနည်းတဲ့ အာရှဒေသတွင်းမှာ နေနေမယ်ဆိုရင် တက်ကြွလှုပ် ရှားသူတွေအနေနဲ့ သူတို့ရဲ့မွေးရပ်နိုင်ငံတွေဆီ ဦးတည်တဲ့ စည်းရုံးရေးအလုပ်တွေကို ပိုမိုလွယ်ကူစွာ ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း မိုက်ကို အီချိဟာရာက ပြောပါတယ်။
Source: Nikkei Asia











