DVB Logo
Home
မြန်မာသတင်း
မာစတာစပေါ့ အလုပ်သမား ၇၀၀ ကျော်ကို လစာနှင့်နစ်နာကြေးပေး
DVB
·
October 18, 2014
မာစတာစပေါ့ အလုပ်သမား ၇၀၀ ကျော်ကို လစာနှင့်နစ်နာကြေးပေး
1 / 2
Donate to DVB

စက်ရုံပိတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ တောင်ကိုရီးယားနိုင်ငံသားပိုင်  မာစတာ စပေါ့ ဖိနပ်စက်ရုံကို  လေလံတင် ရောင်းချပြီး လုပ်ခ၊ လစာတွေ မရခဲ့တဲ့  မြန်မာအလုပ်သမားတွေရဲ့ လစာနဲ့ နစ်နာကြေးတွေကို အောက်တိုဘာ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာက အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။

DSC_1524ကိုရီးယားနိုင်ငံသား စက်ရုံပိုင်ရှင်က ရုတ်တရက် စက်ရုံပိတ်ကာ တိမ်းရှောင်သွားတဲ့နောက် လုပ်ခ လစာတွေ မရခဲ့ကြတဲ့ အလုပ်သမား ၇၀၀ ကျော်ကို လှိုင်သာယာ စက်မှုဇုန်က ကနောင်ခန်းမမှာ နစ်နာကြေးပေးခဲ့တာပါ။

ဒီစက်ရုံမှာ အလုပ်သမား ၇၅၀ ကျော်ရှိပြီး အရင်က လစာယူပြီးသား ၅၈ ယောက်ကို နစ်နာကြေးပေးကာ  ကျန်အလုပ်သမား ၆၉၉ ယောက်ကိုတော့ နစ်နာကြေးနဲ့  လစာတွေပေးအပ်ခဲ့တာပါ။

စက်ရုံနဲ့ စက်ပစ္စည်းတွေကိုတော့ အောက်တိုဘာ ၉ ရက်နေ့မှာ လေလံတင်ရောင်းချနိုင်ခဲ့ပြီး မနေ့က လေလံအောင်ငွေ ကျပ်သိန်း ၂၈၈၀ ကို ပေးသွင်းခဲ့ပါတယ်။ ဒီအထဲက အလုပ်သမားပေါင်း ၇၅၇ ယောက်အတွက် နစ်နာကြေးနဲ့ လစာ စုစုပေါင်း ကျပ် ၂၁၄၅ သိန်းကျော်ကို ပေးခဲ့ပါတယ်။

လစာနဲ့ နစ်နာကြေး တွက်ချက်ပေးပုံနဲ့ပတ်သက်ပြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ လှိုင်သာယာမြို့နယ် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက ရှင်းပြပါတယ်။

“နစ်နာကြေးပေးတဲ့အခါမှာ လုပ်သက် ၃ လအတွင်းရှိတဲ့သူတွေဆိုရင် နောက်ဆုံးထုတ်လစာရယ်၊ တလစာ။ ၃ လကနေ ၁ နှစ်အတွင်း ရှိတဲ့သူတွေဆိုရင် နို့တစ်ကြေး ၁ လစာရယ်၊ နစ်နာကြေး ၁ လစာ စုစုပေါင်း ၂ လစာ။ လုပ်သက် ၁ နှစ်နဲ့အထက်ဆိုရင် နစ်နာကြေး ၂ လစာ၊ နို့တစ်ကြေး ၁ လစာ၊ ၃ လစာ။ ၃ နှစ်နဲ့အထက်ဆိုရင်တော့ ၅ လစာ။ သို့သော် ဒီစက်ရုံသည် လုပ်သက် ၁ နှစ်နဲ့အထက်တွေပဲ ရှိပါတယ်။ ဒီထဲမှာ အလုပ်သမားတွေရဲ့ အခြေခံလစာမပါဘဲနဲ့ ပေးထားတဲ့ နေ့ကြေး၊ သူတို့စက်ရုံသည် ၁ နာရီကို ဘယ်လောက်နှုန်းနဲ့ နေ့ကြေးကို ၂၆ နဲ့ မြှောက်ပြီး ၁ လနဲ့တွက်ပါတယ်။ ပြီးရင် ရက်မှန်ကြေး၊ ပြီးရင် ထမင်းစရိတ်၊ ခရီးစရိတ်၊ ရာထူးကြေး၊ နှစ်စဉ်ကြေး၊ ကျွမ်းကျင်ကြေး၊ အဲဒါတွေ အကုန်လုံးကို ပေးထားပါတယ်။ သူတို့ပုံမှန် သူတို့အလုပ်လုပ်ထားပြီးသားထဲမှာ မပါတာ တခုဆို အချိန်ပိုလုပ်ခလစာပဲဖြစ်ပါတယ်။ အဲဒါကတော့ ခုံသမာဓိဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။”

DSC_1525အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်တဲ့ပွဲကို တက်ရောက်လာတဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က အခုလို ပြောပါတယ်။

“လောလောဆယ်မှာ မာစတာစပေါ့ စက်ရုံက တို့ကို တသက်စာ သင်ခန်းစာပေးလိုက်တာပေါ့။ အလားတူ နိုင်ငံခြားသား လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လာပြီး လုပ်ငန်းတွေ မတည်ရင်းနှီးတော့မယ်ဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ အလုပ်သမားတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ အာမခံချက်တွေ ရယူထားဖို့ဆိုပြီး ကော်မရှင်ကို ပန်ကြားထားတာရှိပါတယ်။ သူတို့လည်း ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားလို့ ရသွားမှာဖြစ်ပါတယ်။ သို့သော် လုပ်ချင်တိုင်း လုပ်လို့မရဘူး၊ ဥပဒေနဲ့အညီပဲ လုပ်ရမှာဖြစ်ပါတယ်။”

ဒီစက်ရုံက အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေကို တခြား ဖိနပ်စက်ရုံတွေက အလုပ်ခန့်ထားဖို့ မေတ္တာရပ်ခံ ထားတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံမန်နေဂျာ နှစ်ယောက်ကို အမှု ၄ ခုနဲ့ တရားစွဲဆိုထားပြီး တောင်ကိုရီးယားနိုင်ငံသား ပိုင်ရှင်ကိုလည်း တရားစွဲဆိုနိုင်ဖို့ စီစဉ်နေတယ်လို့  အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013