DVB Logo
Home
Lead Story
ဒေးဗစ်အိုင်စတိန်းဘာ့ဂ် အမှတ်တရ 
DVB
·
December 12, 2024
ဒေးဗစ်အိုင်စတိန်းဘာ့ဂ် အမှတ်တရ 
Donate to DVB

အမေရိကန်သမိုင်းပညာရှင်နဲ့ အာရှရေးရာ ဂုဏ်ထူးဆောင် ပါမောက္ခလည်းဖြစ် မြန်မာ့အရေး ကျွမ်းကျင်သူလည်း ဖြစ်တဲ့ အသက် ၉၆ နှစ်အရွယ် ဒေးဗစ် အိုင် စတိန်းဘာ့ဂ်ဟာ  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွားပါတယ်။ 

ဒေးဗစ်ဟာ မြန်မာနိုင်ငံအရေး၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့တောင်အာရှနဲ့ အာရှဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒတွေအပေါ် အထူးပြုလေ့လာလိုက်စားခဲ့ပြီး နယူးယောက်ခ်၊ မြန်မာ၊ ဟောင်ကောင်၊ ကိုရီးယားနဲ့ ဝါရှင်တန်ဒီစီတို့မှာရှိတဲ့ အာရှဖောင်ဒေးရှင်းရဲ့ ကိုယ်စားလှယ်အဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒေးဗစ်ဟာ ကိုရီးယား၊ မြန်မာနဲ့ အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဇောင်းပေး ရေးသားတဲ့  နိုင်ငံရေး ဘောဂဗေဒဆိုင်ရာ စာရေးဆရာတဦးလည်းဖြစ်ပြီး စာအုပ်ပေါင်း ၁၅ အုပ်၊ စာတမ်းနဲ့ ဆောင်းပါးပေါင်း ၁၅၀ ကျော်နဲ့ အတွေးအမြင်စာစောင်ပေါင်း ၃၀၀ နီးပါးကို ရေးသားခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ နောက်ဆုံးမြောက် စာအုပ်ဖြစ်တဲ့ Myanmar: The Dynamics of an Evolving Polity စာအုပ်ကို ၂၀၁၅ ခုနှစ်က ထုတ်ဝေခဲ့ပြီး ဒီအရင်မှာလည်း Modern China-Myanmar Relations: Dilemmas of Mutual Independence (2012) ၊ Turmoil in Burma: Contested Legitimacies in Myanmar (2006) နဲ့ Burma: The State of Myanmar (2001) စတဲ့ စာအုပ်တွေကိုလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။

နောက်ပြီး ဒေးဗစ်ဟာ ကိုရီးယားနဲ့ မြန်မာ့အရေးဆိုင်ရာ ကမ္ဘာကျော် ကျွမ်းကျင်ပညာရှင်တဦး ဖြစ်တဲ့အပြင် မြန်မာ့နိုင်ငံရေးဘောဂဗေဒဆိုင်ရာ ခေတ်ပြိုင်ကျွမ်းကျင်ပညာရှင် အနည်းစုထဲက တဦးအနေနဲ့ လေးစား အသိအမှတ်ပြုခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်တဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုစင်တာ (USAID) မှာ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ နည်းပညာအထောက်အပံ့ဆိုင်ရာ ဒါရိုက်တာအနေနဲ့ ဆောင်ရွက်ခဲ့သလို ဖိလစ်ပိုင်၊ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာအနေနဲ့လည်း ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် ပစိဖိတ်ဒေသရှိ နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား အပြန်အလှန်နားလည်မှုနဲ့ ဆက်ဆံရေး တိုးမြှင့်ရေးကို  တွန်းအားပေး ဆောင်ရွက်နေတဲ့ ပစိဖိတ်ရေးရာဆိုင်ရာ Mansfield စင်တာရဲ့ ဥက္ကဋ္ဌအနေနဲ့လည်း တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ရဲ့ ဂျော့ဂျ်တောင်းတက္ကသိုလ်မှာ ကိုရီးယားရေးရာအထူးပြု ဂုဏ်ထူးဆောင် ပါမောက္ခအနေနဲ့ ဆောင်ရွက်ခဲ့ပြီး အာရှရေးရာ ဒါရိုက်တာအနေနဲ့လည်း ဆောင်ရွက်ခဲ့ပါတယ်။ အလားတူ ဝါရှင်တန်မှာရှိတဲ့ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေးကျောင်းမှာလည်း ဧည့်ပါမောက္ခအနေနဲ့ စာပေတွေ ပို့ချသင်ကြားခဲ့ပါတယ်။

ဒေးဗစ်ဟာ သူ့ရဲ့ သက်တမ်းတလျှောက် ပညာရေးနယ်ပယ်၊ အစိုးရအရာထမ်းဘဝနဲ့ အကျိုးအမြတ်မယူတဲ့ ကူညီထောက်ပံ့ရေးကဏ္ဍ စတဲ့ နယ်ပယ်တွေမှာ ဘဝကို မြှုပ်နှံထားခဲ့ပါတယ်။ အမေရိကအပြင် ကမ္ဘာတဝန်းမှာပါ စာပေတွေ ပို့ချခဲ့ပြီး သူကျင်လည်ခဲ့ရတဲ့ နယ်ပယ် ၃ ခုကြား အာရှရေးရာ မူဝါဒနဲ့ပတ်သက်တဲ့ ကွာဟချက်တွေကို ပေါင်းကူးပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ 

နိုင်ငံရေးဘောဂဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးဖြစ်ပေမဲ့လို့ ဒေးဗစ်ဟာ မူဝါဒတွေကို ရေးဆွဲရာမှာ ယဉ်ကျေးမှုနဲ့ ယဉ်ကျေးမှုအခန်းကဏ္ဍရဲ့ အရေးပါမှုကိုလည်း ဘယ်တုန်းကမှ လျစ်လျူ မရှုခဲ့ပါဘူး။ နောက်ပြီး နိုင်ငံခြားရေးမူဝါဒတွေကို ချဉ်းကပ်ရာမှာလည်း အမှီအခိုကင်းစွာနဲ့ ချဉ်းကပ်တဲ့အတွက် သူ့ရဲ့ရှုမြင်ပုံတွေဟာ အစိုးရအတော်များများက တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့အမြင်နဲ့ ကွဲလွဲနေတတ်ပါတယ်။

ဒေးဗစ်ဟာ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလမှာ ကိုရီးယားရှိ အာရှဖောင်ဒေးရှင်းရဲ့ နိုင်ငံကိုယ်စားလှယ်အနေနဲ့ တာဝန်ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၁ ကြာအထိ ပိတ်ထားခဲ့ရတဲ့ အာရှဖောင်ဒေးရှင်းရုံးကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းမှုမှာ အရေးပါဆုံးသူတယောက်ဖြစ်ခဲ့ပြီး အတိုင်ပင်ခံအနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စိတ်မကောင်းစရာကောင်းတာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အာရှဖောင်ဒေးရှင်းဟာ ထပ်မံပိတ်ခဲ့ရပြန်ပါတယ်။ ဒီဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်မိပေမဲ့ အထူးတလည် အံ့အားသင့်မိတာမျိုးတော့ မရှိဘူးလို့ ဒေးဗစ်က ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီဟာ နေ့ချင်းညချင်းနဲ့ ရလာမှာ မဟုတ်ဘူးဆိုတာနဲ့ ဒီမိုကရေစီပန်းတိုင်ဆီကို လျှောက်လှမ်းရာ လမ်းတလျှောက်မှာလည်း ဆူးငြောင့်ခလုတ်တွေ ရှိနေလိမ့်မယ်ဆိုတာကို သိရှိထားလို့ ဖြစ်ပါတယ်။ လက်ရှိ အကျပ်အတည်းကြီး ပြီးရင် မြန်မာပြည်မှာ အရာရာဟာ ပိုမိုကောင်းမွန်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆက်လက် ကိုင်စွဲထားပေမဲ့ သူ့ဘဝရဲ့ နောက်ဆုံးနေဝင်ချိန်မတိုင်ခင်မှာ ဒီလိုအပြုသဘောဆောင်တဲ့ရလဒ်တွေ ထွက်ပေါ်မလာနိုင်သေးဘူး ဆိုတာကိုလည်း ဒေးဗစ်အနေနဲ့ သိရှိထားခဲ့ပါတယ်။

ဒေးဗစ်စတိန်းဘာ့ဂ်ဟာ ပညာရှင်တယောက်အနေနဲ့ရော လူကြီးလူကောင်းတယောက်အနေနဲ့ပါ စံပြုထိုက်သူ ဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဟာ သဘောထားကြီးပြီး ကြင်နာတတ်သလို ဉာဏ်ပညာ နက်နဲသူတယောက် ဖြစ်ပါတယ်။ အာရှဖောင်ဒေးရှင်းမှာ တာဝန်ယူခဲ့စဉ်ကာလနဲ့ တခြား ကျယ်ပြန့်လှတဲ့ ပညာရှင်ဘဝမှာလည်း ဝန်ထမ်းတွေအတွက် နည်းပေးလမ်းပြ သွန်သင်ဆုံးမခဲ့တဲ့ ဆရာသမားကောင်း ဖြစ်ခဲ့ပြီး အားလုံးကို စိတ်ခွန်အားတွေ ပေးနိုင်ခဲ့ပါတယ်။  အာရှဖောင်ဒေးရှင်းက ဝန်ထမ်းအားလုံးကလည်း ဒေးဗစ်ကို အောက်မေ့ သတိရနေကြမှာ ဖြစ်ပါတယ်။

ဒေးဗစ်ကို ဆုံးရှုံးရမှုအတွက် ဒေးဗစ်ရဲ့ မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပြီး အထူးသဖြင့် ဒေးဗစ်ရဲ့ ဇနီးသည်ဖြစ်တဲ့ ဂျော့ဝါရှင်တန်တက္ကသိုလ်က အငြိမ်းစား ဂီတပါမောက္ခ အသက် ၆၀ အရွယ် အန်းမြောင်ဆွခ်လီနဲ့ သားနှစ်ယောက်ဖြစ်တဲ့ အလက်ဇန်းဒါးလီစတိန်းဘာ့ဂ်နဲ့ အဲရစ်ခ် ဒေးဗစ် စတိန်းဘာ့ဂ်တို့ အပါအဝင် အလက်ဇန်းဒါးရဲ့ သားသမီးတွေဖြစ်တဲ့ အန်ညာနဲ့ အာရီတို့နဲ့အတူ ဝမ်းနည်းရပါကြောင်း အာရှဖောင်ဒေးရှင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ရာစုသစ်

Ref: Asia Foundation -  ‘Remembering David I. Steinberg

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013