
မက္ကဆီကိုနိုင်ငံရဲ့ ပင်လယ်ကွေ့ကမ်းရိုးတန်းပြည်နယ် ဗေရာခရုဇ်မှာ ဒီဇင်ဘာ ၉ ရက်က ဖက်ဒရယ် လွှတ်တော်အမတ်တယောက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ နိုင်ငံမှာ နိုင်ငံရေး အကြမ်းဖက်မှုတွေထဲက နောက်ဆုံး လူသတ်မှုလည်း ဖြစ်ပါတယ်။
အဖွဲ့ဝင် ၅၀၀ ပါဝင်တဲ့ ကွန်ဂရက်လွှတ်တော်ထဲမှာ လက်ဝဲအစိုးရရဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ဝင် ဖြစ်တဲ့ ဘန်နီတို အာ့ဝါဇ် သေဆုံးသွားကြောင်းကို ဗေရာခရုဇ် ရှေ့နေချုပ်ရုံးမှ လူမှုမီဒီယာမှာ ရေးသား အတည်ပြုခဲ့ပါတယ်။
ဗေရာခရုဇ်ပြည်နယ်အလယ်ပိုင်းရှိ တောင်ထူထပ်တဲ့ ဇွန်ဂိုလိကာမြို့မှာ အာ့ဝါဇ်ဟာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး နောက်ပိုင်းမှာတော့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လွှတ်တော်အမတ် အာ့ဝါဇ်ဟာ အောက်တိုဘာလမှာ အာဏာယူခဲ့တဲ့ သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ရဲ့ မိုရီနာပါတီ ဦးဆောင်တဲ့ အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ မက္ကဆီကိုရဲ့ အစိမ်းရောင်ပါတီ (ပါတီးဒို ဗရ်ဒယ်) ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ဒီအမှုမှာ တရားမျှတမှု ရရှိစေဖို့အတွက် လိုအပ်တာမှန်သမျှ ပံ့ပိုးပေးဖို့ လုံခြုံရေးဝန်ကြီးဌာနကို ဗေရာခရုဇ်ရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆက်သွယ် လုပ်ဆောင်ကြဖို့ ညွှန်ကြားထားတယ်လို့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြောကြားပါတယ်။
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ ဂိုဏ်းအချင်းချင်း စစ်ပွဲအတွင်း လူရာနဲ့ချီ သေဆုံးခဲ့ပြီးတော့ အကြမ်းဖက်မှု လှိုင်းလုံးတွေကို ကြုံတွေ့ခဲ့ရပါတယ်။
အမြတ်အစွန်းများတဲ့ မှောင်ခိုလမ်းကြောင်းတွေနဲ့ တခြားရာဇဝတ်ကောင်တွေကို ဂိုဏ်းတွေက တိုက်ခိုက်ကြတဲ့ နိုင်ငံတွင်းက တခြားနေရာတွေမှာ အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters