
တောင်ကိုးရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ဒီဇင်ဘာ ၁၂ ရက်မှာ သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက်တွေကို ‘နိုင်ငံတော်ဆန့်ကျင်ရေး အင်အားစုတွေ’ လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဆိုက်ဘာဖောက်ထွင်းခဲ့တယ်လို့ ပြောကြားလိုက်ပြီး သူရဲ့ခဏတာ စစ်အုပ်ချုပ်ရေးအမိန့်ကလည်း ဒီမိုကရေစီကို ကာကွယ်ဖို့ တရား၀င် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကာကွယ် ပြောဆိုလိုက်ပါတယ်။
“ကျနော် အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ”လို့ သမ္မတ ယွန်းက ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့ မိန့်ခွန်းရှည်ကြီးရဲ့အဆုံးမှာ ပြောကြားခဲ့ပါတယ်။
သမ္မတဟာ ရာထူးမှ နုတ်ထွက်မယ့် အရိပ်အယောင်တွေ မပြကြောင်းနဲ့ စွပ်စွဲပြစ်တင်ခံရမှာ ဖြစ်ကြောင်း သမ္မတ ယွန်းရဲ့ ကိုယ်ပိုင်ပါတီမှ ခေါင်းဆောင်က ပြောခဲ့တာကြောင့် ကြာသပတေးနေ့မှာ သမ္မတက မှတ်ချက်ပြု ပြောကြားလိုက်တာပါ။
သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ပထမအကြိမ် မဲခွဲဆုံးဖြတ်မှု လုပ်ရာမှာ အာဏာရပါတီမှ အများစုက မဲပေးမှုကို သပိတ်မှောက်ခဲ့တာကြောင့် မအောင်မမြင်ဖြစ်ပြီးနောက် တပတ်အကြာ ဒီဇင်ဘာ ၁၄ ရက်မှာ သမ္မတယွန်းဟာ ပါလီမန်မှာ ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှု မဲခွဲဆုံးဖြတ်မှုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
သမ္မတယွန်းဟာ ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် ဆူပူအုံကြွမှု စွပ်စွဲချက်နဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုခံနေရတာဖြစ်ပြီး အဲဒီစစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် ဆယ်စုနှစ်တွေအတွင်း တောင်ကိုရီးယားမှာ အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။
Source: Reuters