
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပူးနေးမြို့က ထိပ်တန်းစာရင်းကိုင်ကုမ္ပဏီတခုမှာ အိန္ဒိယဝန်ထမ်းတယောက် ရုတ်တရက် သေဆုံးမှုဟာ အိန္ဒိယနိုင်ငံရဲ့ လုပ်ငန်းခွင်မှာ အလွန်အကျွံ ဖိစီးမှုနဲ့ ဖိအားတွေအတွက် စိုးရိမ်ပူပန်မှုတွေ ထင်ရှားစေပါတယ်။
သေဆုံးဝန်ထမ်းဟာ တိုက်ခန်းအတွင်း လဲကျပြီး နှလုံးရပ်မသွားခင် လုပ်ငန်းခွင် ဝန်ထုပ်ဝန်ပိုးနဲ့ ကြုံခဲ့ရတယ်လို့ Ernst & Young (EY) India က အသက် ၂၆ နှစ်အရွယ် စာရင်းစစ်အမှုဆောင်အရာရှိရဲ့ မိသားစုက ပြောပါတယ်။
အိန္ဒိယနိုင်ငံတွင်း ကော်ပိုရိတ်လောကမှာ ဝန်ထမ်းတွေ ကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ ဖိအားတွေကို ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေတာပါ။ ဒီဖြစ်ရပ်ကြောင့် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံမှာ လုပ်ငန်းခွင်အခြေအနေတွေ ပြောင်းလဲဖို့ တောင်းဆိုသံတွေ ထွက်ပေါ် လာခဲ့ပါတယ်။
အိန္ဒိယဝန်ထမ်းတွေဟာ တခြားမိတ်ဖက်နိုင်ငံတွေက ဝန်ထမ်းတွေထက် အလုပ်ချိန်ပိုဝင် နေကြတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ရဲ့ အခုနှစ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အလွန်အမင်းပြိုင်ဆိုင်နေတဲ့ ကမ္ဘာမှာ ဖိအားတွေကို ရှောင်လွှဲလို့ မရဘူးလို့ ဒီလွိုက် တောင်အာရှကုမ္ပဏီ ဒါရိုက်တာ-စီအီးအို နီဒီဗစ်ခရမ်ချောင်ဒရီက ပြောပါတယ်။
စွမ်းဆောင်ရည်ဆိုင်ရာ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ကုမ္ပဏီတွေဟာ ပြဿနာတွေကို ဖြေရှင်းဖို့ အန္တရာယ် အချက်ပြအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စနစ်တွေကို ချမှတ်ထားပါတယ်။
ဒါပေမဲ့ အိန္ဒိယနိုင်ငံက အဓိကအတိုင်ပင်ခံကုမ္ပဏီကြီးတွေမှာ လုပ်ကိုင်တဲ့ လက်ရှိနဲ့ အရင် အလုပ်သမားတွေကို ရိုက်တာသတင်းဌာနက စကားပြောမေးမြန်းရာမှာ ကိစ္စရပ်တချို့မှာ မန်နေဂျာတွေက တချို့ကိစ္စတွေမှာ တရက်ကို ၁၈ နာရီအထိ အချိန်ပို အလုပ်ဆင်းဖို့ တက်တက်ကြွကြွတွန်းအားပေးတဲ့ ပတ်ဝန်းကျင်တွေ တွေ့ခဲ့ပါတယ်။
အများစုက သူတို့ရဲ့ အကြီးတန်းခေါင်းဆောင်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနဆီ တိုင်ကြားပေမဲ့ လုပ်ငန်းခွင် အခြေအနေတွေ အပြောင်းအလဲတစုံတရာ မဖြစ်ပေါ် လာပဲ တချို့က အလုပ်ထွက်ဖို့ တွန်းအားပေးကြပြီး တချို့က လုပ်ငန်းခွင် မလုံခြုံမှုကြောင့် ဖိအားတွေ မြင့်လာအောင် တွန်းအားပေးခဲ့ကြတယ်လို့ အများစုက ဆိုပါတယ်။
ဝန်ထမ်းတွေက အလုပ်ကိုအိမ်မှာယူလုပ်ချိန်မှာတော့ အလုပ်နဲ့ ဘဝ ဟန်ချက်ညီမှုကို ဆုံးရှုံးစေပြီး အိမ်တွင်း ပဋိပက္ခတွေအပြင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေပါ ဖြစ်စေတယ်လို့ စိတ်ပညာရှင်တို့က ပြောပါတယ်။
အလုပ်လက်မဲ့အကျပ်အတည်းကြောင့် လုပ်ငန်းခွင် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာပြီး အလုပ်သဘောသဘာဝအရ အလုပ်ခွင်ထဲမှာ ဖိအားတွေ မြင့်မားလာစေခဲ့ပါတယ်။
Source: Reuters











