
အညာဒေသမှာ BPLA နဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ စစ်ရေး၊ နိုင်ငံရေးတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ အဆိုပါအဖွဲ့တွေဆီက သိရပါတယ်။
အခုအခါ BPLA အနေနဲ့ ရှမ်းမြောက်ဒေသကနေ အညာဒေသမှာ အခြေချကာ အညာဒေသတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပြီးနောက် ကျောင်းသားလက်ရုံး တပ်တော်အနေနဲ့လည်း BPLA နဲ့ မကြာခင်မှာ စစ်ရေး၊ နိုင်ငံရေးတွေကို ပူပေါင်းဆောင်ရွက်မယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က DVB ကို ပြောပါတယ်။
SAF နဲ့ BPLA က အစောပိုင်းကတည်း တွေ့ဆုံဆွေးနွေးမှုတွေရှိပြီး မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားနယ်မြေတွေ မတူတဲ့အတွက် မြေပြင်မှာ ပူးပေါင်းဆောင်ရွက်မှုတွေက အစောပိုင်းမှာ မရှိခဲ့ပါဘူး။
မကြာခင်ကာလတွေမှာတော့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်ဟာ အညာဒေသက စစ်မျက်နှာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး BPLA ကတော့ ရှမ်းမြောက်နဲ့ တောင်ပိုင်းစစ်ဒေသတွေမှာ မဟာမိတ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအထိ စစ်ရေးအရ ပူးပေါင်းမှုတွေ မရှိခဲ့ပေမဲ့ အခုအခါမှာတော့ ပူးပေါင်းဆောင်ရွက်တော့မယ်လို့ ဆိုပါတယ်။
BPLA နဲ့ SAF က အရင်တည်းက မဟာမိတ်တွေဖြစ်ပါတယ်။ အခုတော့ အညာမှာ လက်တွေ့မြေပြင်မှာ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ အတူလုပ်ဆောင်သွားဖို့ ရှိပါတယ်၊ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းကလည်း ပြောပါတယ်။
BPLA အနေနဲ့ အညာဒေသမှာ အခြေချပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ်မှာ အညာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စောင့်ကြည့်မှုတချို့ရှိနေပြီး SAF လိုပင် အချို့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မယ် ဆိုတာမျိုးတွေကို ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိနေပါတယ်။











